နေပြည်တော် ဇူလိုင် ၉
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
များပြားလာ
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးရဲတင့် က ယနေ့ကာလတွင် သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဆိုက်ဘာတိုက်ခိုက်မှုများလည်း များပြားလာနေပြီး ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုံးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ သတင်းထုတ်ပြန်ခြင်းများကို အွန်လိုင်းအသုံးပြု၍ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေသည့်အချိန်တွင် ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဆိုက်ဘာအလွဲသုံးစားမှုများက တစ်နေ့တခြား ပိုမိုများပြားလာကြောင်း။
အသိပညာအထောက်အပံ့ရရှိ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပြန့်ပွားရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတိုးတက်လာစေရေးတို့သည် ခေတ်နှင့်အညီလိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ပြန်ကြားရေးဝန်ကြီးဌာန၏ Web Portal နှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများ ဆိုက်ဘာတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် ဝန်ထမ်းများအတွက် အသိပညာ အထောက်အပံ့ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ ထို့နောက် United Info-Sec Co.,Ltd. မှ Director ဦးကျော်စွာမင်းက ဆိုက်ဘာတိုက်ခိုက်မှုများ၏ သဘောသဘာဝ၊ မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှု အမျိုးအစားများ၊ ဆိုက်ဘာလုံခြုံရေးတို့နှင့် စပ်လျဉ်းသည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး ဆွေးနွေးပွဲ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
သတင်းစဉ်