နေပြည်တော် ဇွန် ၃၀
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်းများ၌ ဆက်လက် ကျင်းပသည်။
ယနေ့ပွဲစဉ်များအဖြစ် နံနက် (၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း (၃)တွင် ရခိုင်ပြည်နယ် အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းမှ (၁)ဂိုး ဂိုး(မရှိ) ဖြင့်လည်းကောင်း၊ ညနေ(၃)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်း (၁) နှင့် ကွင်း(၃)တို့တွင် မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှင့်တစ်ဖက် ဂိုး(မရှိ)သရေဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကယားပြည်နယ် အသင်းမှ (၃)ဂိုး ဂိုး(မရှိ) ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အလားတူ ဇူလိုင် ၁ ရက် ပွဲစဉ်များအဖြစ် ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့် ရေးကွင်း(၁)နှင့် ကွင်း(၃)တို့တွင် ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရသည်။
(သတင်းစဉ်)