Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံ RIA သတင်းဌာနမှ သိရှိလိုသည်များအား လက်ခံဖြေကြား

နေပြည်တော် ဇွန် ၂၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushina Tatana အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားသည်။ အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည် -

 

မေး။ အဆွေတော်ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ယခုလို မော်စကိုကို international security conference ကို လာရောက်တက်ရောက်တာဟာဆိုရင် ဒါပထမအကြိမ်မဟုတ်တော့ပါဘူး။ ယခု (၉) ကြိမ်မြောက် တက်ရောက်တဲ့အချိန်မှာလည်း မနေ့က အဆွေတော် ဗိုလ်ချုပ်မှူးကြီးရဲ့ ဆွေးနွေး ဟောပြောမှုမှာ အာရှပစိဖိတ်ဒေသရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဟောပြောသွားခဲ့တာ ကို တွေ့မြင်ခဲ့ကြရပါတယ်။ တကယ့်မြေပြင်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ထပ်မံပြီး ဘယ်လို အခြေအနေရှိတယ်ဆိုတာလေး ထပ်လောင်း ပြောကြားပေးလို့ရနိုင်ပါသလား။

 

ဖြေ။ ပထမဦးဆုံးအနေနဲ့ပေါ့နော်။ အာရှပစိဖိတ် ဒေသကတော့ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှာ အင်မတန်ကို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ စိတ်ဝင်စားလာတဲ့နေရာတစ်ခု ဖြစ်တယ်။ ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ ဒုတိယကမ္ဘာစစ်ကာလတစ်လျှောက် ပစိဖိတ်ဒေသနဲ့ အတ္တလန္တိတ်ဒေသ ဘက်၊ ဥရောပစစ်မျက်နှာဘက်မှာ ပိုပြီးတော့အရေး ပါလာတယ်။ အာရှအရှေ့ဖျားနဲ့ ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်းကာလကျတော့ အာရှပစိဖိတ်က ကမ္ဘာ့နိုင်ငံကြီးအားလုံး စိတ်ဝင်စားလာ ခဲ့ကြတယ်။ ဒါကြောင့် လုံခြုံရေးနဲ့ပတ်သက်လို့ရှိရင် နိုင်ငံရေးနဲ့ ပတ်သက်တာဖြစ်ဖြစ် လုပ်ဆောင် ချက်တိုင်းမှာ သတိတော်တော်လေးထားရမယ့် အနေအထား ဖြစ်တယ်ဆိုတာ ကျွန်တော်ပြောချင် ပါတယ်။ ဥပမာအားဖြင့် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာဖြစ်ခဲ့ တဲ့တိုက်ပွဲတွေထဲမှာ ဗီယက်နမ် စစ်ပွဲတစ်ခုရှိတယ်။ ဒါအရှေ့တောင်အာရှဒေသမှာ ဖြစ်လာတဲ့ အာရှ ပစိဖိတ်ဒေသရဲ့ Intrast တစ်ခုဖြစ်တယ်။

 

မေး။ လက်ရှိမျက်မှောက်ခေတ်မှာတော့ လုံခြုံရေးနဲ့ပတ်သက်လို့ရှိရင် ဘယ်လိုအန္တရာယ်တွေများ ရင်ဆိုင်နေရပါသလဲ။

 

ဖြေ။ အန္တရာယ်ကတော့အမျိုးမျိုးပဲ။ အကြမ်းဖက် တိုက်ခိုက်မှုတွေလည်း ရှိလာတယ်။ နောက်တစ်ခါ နိုင်ငံတွေအပေါ်မှာ နိုင်ငံရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ နောက် တည်ငြိမ်အေးချမ်းရေးအတွက် သော်လည်းကောင်း၊ လွှမ်းခြုံမှုတွေ၊ ကြိုးစားမှုတွေ၊ ဒါတွေ အများကြီးတွေ့လာရတယ်။ ဒါတွေလည်း အန္တရာယ်ရှိတယ်လို့ ကျွန်တော် ပြောလိုပါတယ်။

 

မေး။ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဒီတစ်ခေါက် ရုရှားနိုင်ငံ ခရီးစဉ်မှာလည်း ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey kuzhugetovich Shoigus နဲ့ တွေ့ဆုံပြီးတော့ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ဖို့ ကဏ္ဍတွေမှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ဒီလိုမျိုး ဆွေးနွေးခဲ့ကြတဲ့ အချိန်မှာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက် မှုနဲ့ ပတ်သက်ပြီးတော့ မည်ကဲ့သို့သော ကဏ္ဍသစ်တွေ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိနေပါသလဲ။ ဘယ်လိုသတင်းအသစ်များ ရှိနေပါသလဲ။

 

ဖြေ။ ကဏ္ဍတွေကတော့ အများကြီးဗျ။ လုပ်ရတဲ့ကဏ္ဍတွေက အကျယ်ကြီး။ ဆွေးနွေးတဲ့ အကြောင်းအရာတွေလည်း အများကြီးရှိတယ်။ အဲဒီတော့ အသစ်ဆိုတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ လက်ရှိလုပ်ဆောင်နေတဲ့ဟာကိုပဲ တိုးချဲ့လုပ်ဆောင်ဖို့ပဲ ကျွန်တော်တို့ ဆွေးနွေးတာ တွေရှိတယ်။ အသစ်သွားဖို့တော့ ကျွန်တော်တို့မရှိ ဘူး။ စလုပ်ကတည်းကကို နယ်ပယ်ပေါင်းစုံက ကျယ်ပြန့်တယ်။

 

မေး။ ဘယ်လိုနယ်ပယ်တွေမှာ ထပ်မံပြီးတော့ တိုးချဲ့သွားဖို့စီစဉ်ထားပါသလဲ။

 

ဖြေ။ မနေ့ကဆိုရင် လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်တာပေါ့နော်။ ဒါလေး ကျွန်တော်တို့ ဆွေးနွေးဖြစ်ပါတယ်။ ထူးထူးခြားခြား ဆွေးနွေးတယ်လို့မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံ တကာကို ဒုက္ခပေးနိုင်တာက လေကြောင်းရန်နဲ့ ပတ်သက်တာက ဒုက္ခပေးနိုင်တာ အလားအလာ တွေက အများကြီးရှိတယ်။ ဒါကြောင့် လေကြောင်းရန်နဲ့ ကျွန်တော်တို့မြန်မာနိုင်ငံက လေတပ်ဖွဲ့ ဆိုတာ အင်အားအင်မတန်ကို ကြီးမားအောင် လုပ်နိုင်ဖို့အတွက် ဓနအင်အားကလည်း ကျွန်တော်တို့ မှာ မရှိဘူး။ မရှိတော့ Air Defence ကို ပိုပြီးတော့မှ ကျွန်တော်တို့ အဓိကထားတာပါ။ မနေ့က ကျွန်တော်တို့ ဆွေးနွေးတဲ့အကြောင်းအရာထဲမှာ ပါပါတယ်။

 

မေး။ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံဆိုတာကလည်း စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး တစ်ခုတည်းနဲ့ ရပ်တန့်နေမှာမဟုတ်တဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်ကြပါတယ်။ ဒီစစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအပြင် အခြားဘယ်လို ကဏ္ဍတွေမှာ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။

 

ဖြေ။ နယ်ပယ်ပေါင်းစုံရှိတယ်ဗျ။ ဥပမာအားဖြင့် တပ်မတော်ရေတပ်ပိုင်းဆိုင်ရာ တိုးချဲ့ဆောင်ရွက် တာတို့၊ ဆက်သွယ်ရေးပိုင်းဆိုင်ရာ တိုးချဲ့ဆောင်ရွက်တာတို့၊ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်တာတို့ ဒါတွေလည်းရှိပါတယ်။ အသေးစိတ်ပြောရမယ်ဆိုရင်တော့ အများကြီး ရှိတာပေါ့ဗျာ။

 

မေး။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေနဲ့ပတ်သက်တဲ့ မေးခွန်းလေးတစ်ခု မေးခွင့်ပြုပါ။ လက်ရှိကမ္ဘာ့သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံအကြောင်းကို ရေးသားနေကြတာဟာ ဆိုလို့ရှိရင် မိမိတို့ ရုရှားနိုင်ငံအနေနဲ့ သိရှိထားတဲ့ မြန်မာနိုင်ငံမှာ တကယ့်ဖြစ်ပျက်နေတဲ့ အမှန်တရားတွေနဲ့ အရမ်းကိုကင်းကွာလွန်းပါတယ်။ ဘာကြောင့်များ ကမ္ဘာ့မီဒီယာတွေက ဒီလို အမှန်တရားကို မရေးဘဲနဲ့ ဆန့်ကျင်ဘက်ကိုပဲ ရေးနေရတာလဲ။ ဒီအကြောင်းရင်းကို အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

 

ဖြေ။ အဓိကကတော့ ကျွန်တော်တို့ လက်ရှိ စီမံဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေပျက်ပြားစေလိုတဲ့ စိတ်နဲ့ သူတို့လိုလားတဲ့သူတွေ နေရာရဖို့အတွက်ကို ဆောင်ရွက်တဲ့ အနေအထားမျိုးလို့ ကျွန်တော် ကတော့ ယူဆတယ်။

 

မေး။ အနောက်နိုင်ငံတွေကို ဆိုလိုတာပါလား။

 

ဖြေ။ မှန်ပါတယ်။

မေး။ အနောက်နိုင်ငံတွေအနေနဲ့ သတင်းမီဒီယာ တွေမှာပဲ ရေးသားနေတာလား။ ဒါမှမဟုတ် သူတို့ နိုင်ငံ သံတမန်ရေးအနေနဲ့ ဒီလိုမျိုး သတင်းအမှားတွေ ထုတ်လွှင့်ပြောကြားနေကြတာမျိုး ရှိပါသလား။

 

ဖြေ။ ရှိတာပေါ့။ အများကြီးရှိတာပေါ့။ လုပ်နေကြ တာတွေ။ သံတမန်လောကကလည်း လုပ်နေကြ တယ်။ နောက်ကုလသမဂ္ဂ အမည်ခံထားတဲ့ အဖွဲ့ အစည်းတွေလည်း လုပ်နေကြတာပဲ။ NGO၊ INGO အဖွဲ့တွေလည်း လုပ်နေကြတာပဲ။ သတင်းမီဒီယာ လောကကလည်း လုပ်နေကြတာပဲ။

 

မေး။ ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာတွေ့ရှိချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတဲ့ရာထူးမရှိပါဘူး။ ဒါပေမယ့်လည်း မြန်မာနိုင်ငံ ရဲ့ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနဲ့ အချိန်အကြာကြီး နိုင်ငံမှာ အာဏာတစ်ခုကို ယူထားခဲ့ ပါတယ်။ ဒီလိုမျိုး အခြေအနေတွေက ဘာကြောင့်ဖြစ်ပေါ်လာတာလဲ။ ဘာလို့သူမက ဒီလိုမျိုး စဉ်းစားပြီးတော့ လုပ်ခဲ့တယ်လို့ထင်ပါသလဲ။

 

ဖြေ။ နိုင်ငံတော်အတိုင်ပင်ခံ ရာထူးမျိုးဆိုတာကတော့ ကိုယ့်ဟာကို ဖန်တီးယူတဲ့ဟာမျိုးပါ။ ဥပဒေမှာတော့ ပုဒ်မတစ်ခုရှိတယ်။ အဖွဲ့အစည်း တစ်ခုခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ယောက်ကို တာဝန်ပေးနိုင်တယ်ဆိုတဲ့ ပုဒ်မတစ်ခုရှိတယ်။ အဲဒီ ပုဒ်မအရ သူတို့ပေးတာ။ သို့သော်လည်းပဲ လုပ်လို့ရတဲ့ လုပ်ပိုင်ခွင့်တွေရှိတယ်။ လုပ်ပိုင်ခွင့်တွေအရတော့ လုပ်နေကြတဲ့ ကျွန်တော်တို့မှာ အာဏာ ၃ ရပ်ရှိတာပေါ့။ တရားဥပဒေနဲ့ ပတ်သက်တဲ့ ဥပဒေ ပြုရေးအာဏာရှိတယ်။ အုပ်ချုပ်ရေး အာဏာရှိတယ်။ နောက်တစ်ခါ တရားစီရင်ရေးအာဏာရှိတယ်။ ဥပဒေပြုရေးရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေး ရယ်။ ဒီအာဏာ ၃ ရပ်အပေါ် လွှမ်းခြုံတဲ့ဟာမျိုးတော့ ဘယ်သူမှလုပ်လို့မရဘူး။ သူက အမြင့်ဆုံးပဲ။ သူကအမြင့်ဆုံး အဖွဲ့ အစည်းတွေပဲ။ ဒါကိုဘယ်သူမှ ကျော်လွှားလို့မရဘူး။ ဥပဒေပြဋ္ဌာန်းတဲ့အခါမှာ ဒီဟာကျော်လွှားပြီးလုပ်ရတဲ့ ဥပဒေမျိုးပြဋ္ဌာန်းလို့တော့ ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါပေမယ့် ဒီပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကျော်လွန်ပြီးတော့သူကလုပ်လို့ သူက ဒီလိုဖြစ် လာတာ။

 

အဲဒီမှာ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၅၉ (စ) မှာ ဖော်ပြထားတဲ့ဟာ တစ်ခုရှိတယ်။ အဲဒါ ဘာလဲဆိုတော့ မြန်မာနိုင်ငံသားတစ်ယောက်ဟာ နိုင်ငံခြားသားတစ်ယောက်နဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေဖြစ်တယ်။ သူက အဲဒီ ကန့်သတ်ချက်ထဲမှာ ငြိနေတာရှိပါတယ်။ သူသည် သမ္မတဖြစ်နိုင်ခွင့် အရည်အချင်းထဲမှာ ငြိစွန်းနေတာ လုပ်လို့မရပါဘူး။ လုပ်လို့မရတော့ သူက အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ဥပဒေကို ပြဋ္ဌာန်းပြီးတော့မှ ပြန်လုပ်လိုက်တာပေါ့။ ဒါပေမယ့် နိုင်ငံတော် သမ္မတရဲ့ အရည်အချင်းသတ်မှတ်ချက်နဲ့ ဒုတိယသမ္မတတစ်ယောက်ရဲ့ အရည်အချင်း သတ်မှတ်ချက်တွေမှာ အစောကပြောတဲ့ ၅၉(စ)နဲ့ ပတ်သတ်တဲ့ဟာတွေက အကျုံးဝင်တဲ့သူ ဖြစ် တယ်။ သူ့ကို ကျွန်တော်တို့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ပြီးတဲ့အချိန်မှာ သူရဲ့ protocol တန်းစီတဲ့အခါမှာ သမ္မတနဲ့ ဒုတိယ သမ္မတကြားမှာ ရှိတယ်ဆိုပြီးတော့ သူက ထည့် လိုက်တာ။ ပြန်တမ်းနဲ့ထည့်ထားတာ။ ဒါဟာ အဲဒါဆိုရင် အလိုအလျောက် ခုန ၅၉(စ)နဲ့ ပတ်သက် တဲ့သူ အကျုံးဝင်တဲ့လူပဲ ဖြစ်ရမယ်။ အဲဒါကို ဥပဒေကဘယ်လိုပဲရှိရှိ၊ သူက ဒါကိုရှောင်ရှားချင်လို့။ ဒါပေမယ့် တကယ်တော့ ဥပဒေနဲ့ငြိနေတယ်။ ဒီတစ်ချက်ကိုက မလွတ်ပါဘူး။ ပြန်ပြီးပြည့်စုံအောင် ပြောရလို့ရှိရင် ကျွန်တော်တို့နိုင်ငံမှာတော့ ဝါစဉ်စီတာရှိတယ်။ သမ္မတပြီးရင် ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ၂၅ ဆင့်ရှိတယ်။ နိုင်ငံတကာမှာလည်းရှိတယ်။ ခင်ဗျားတို့ နိုင်ငံမှာလည်း သမ္မတပြီးလို့ရှိရင် ဒုတိယတာဝန်အရှိဆုံး ဘယ်သူလဲ။ တတိယတာဝန်အရှိဆုံးသူ ဘယ်သူလဲ။ Protocol တွေစီလိုက်တာ ရှိတယ်။ တရားဝင်စာထုတ်ပေးတာပေါ့။ အဲဒီတော့ သူက တရားဝင်စာ နိုင်ငံတော်ပြန်တမ်းထုတ်ပြီးတော့ သမ္မတလက်မှတ်ထိုးထားတဲ့စာထဲမှာ သူသည် ဒုတိယနေရာမှာ ဖော်ပြထားတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါဥပဒေနဲ့ ငြိတယ်လို့ ကျွန်တော်တို့ ပြောတာ။

 

သူမဖော်ပြမထားဘဲနဲ့ စာမထုတ်ထားဘဲနဲ့ သူ့ဟာသူအပြင်မှာ သက်သက်နေရင် ပြဿနာ မရှိဘူး။ ဒီမှာ စာနဲ့တရားဝင် ထုတ်ထားတာ။

 

မေး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုတွေ ရှိတယ်ဆိုတာ သိရပါတယ်။ သူမကို ဘယ်လိုပြစ်မှုမျိုးနဲ့ ဘယ်လိုပြစ်ဒဏ် ချမှတ်နိုင်ပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံတွေက တောင်းဆိုမှုတွေ ရှိခဲ့ပါသလား။ ရှိခဲ့တဲ့နိုင်ငံတွေနဲ့ တောင်းဆိုမှုတွေကို အနည်းငယ်ရှင်းပြ  ပေးစေလိုပါတယ်။

 

ဖြေ။ ကျွန်တော်က တရားသူကြီးမဟုတ်တော့လည်း ခက်တယ်လေ ပြောရတာ။ အဲဒါ တရားရုံး ကနေပြီးတော့ သူ့အပေါ်မှာ စွပ်စွဲထားတဲ့အချက်တွေအပေါ်မှာ တရားသူကြီးက ဆင်ခြင်တုံတရားနဲ့ စစ်ဆေးမေးမြန်းပြီးတော့ ဆုံးဖြတ်ဆောင်ရွက်ပါ လိမ့်မယ်။ တရားစွဲတဲ့အဖွဲ့စည်းတွေကတော့ သူတို့ တွေ့ရှိချက်အပေါ် မူတည်ပြီးတော့ သူမအပေါ်မှာ တရားစွဲမှုလုပ်ခဲ့တာပေါ့။ ဒါပေမယ့် တရားသူကြီး ကနေ သူစစ်ဆေးမေးမြန်းပြီးတော့မှ စဉ်းစား ဆုံးဖြတ်ပါလိမ့်မယ်။

 

မေး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ အစပိုင်းမှာတော့ ရွေးကောက်ပွဲကို တစ်နှစ် အတွင်း ပြန်လည်ကျင်းပပေးမယ်လို့ ပြောပါတယ်။ မကြာသေးခင်အချိန်က ဗိုလ်ချုပ်မှူးကြီး ပြောသွားတဲ့အထဲမှာ ၂ နှစ်အတွင်းမှာ ပြန်လည်ကျင်းပပေးမယ်လို့ ပြောပါတယ်။ အဲ့ဒီ အကြောင်းအရာနဲ့ ပတ်သက်လို့ အနည်းငယ် ရှင်းပြပေးစေလိုပါတယ်။

 

ဖြေ။ ရွေးကောက်ပွဲရလဒ်တွေ စိစစ်တာကတော့ ကျွန်တော်တို့က ပထမဆုံး တပ်မတော်က စစ်ပြီး တော့ ကြေညာလိုက်တာပါ။ မဲစာရင်းတွေ မှားနေတယ်လို့ ကြေညာလိုက်တာပေါ့။ အဲဒါတွေကို ကျွန်တော်တို့က တာဝန်ယူတဲ့အခါမှာ ရွေးကောက်ပွဲကျင်းပရေး ပြည်ထောင်စုကော်မရှင် UEC လို့ ခေါ်တဲ့ ကျွန်တော်တို့ ရွေးချယ်တင်မြှောက်ခဲ့တဲ့ကော်မရှင် ပြန်ဖွဲ့ပြီးတော့ ပြန်စစ်ခိုင်းတာပါ။ သူတို့ ရဲ့ စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်ပြီး ကျွန်တော်တို့ ထုတ်ပြန်ကြေညာတာရှိတယ်။ အဲဒီတော့ ဒီလုပ်ငန်းတွေ ပြီးသွားပြီဆိုရင်၊ ကျွန်တော်တို့က ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ကြေညာခဲ့တာပေါ့၊ ၆ လအတွင်းလုပ်မယ် ၁ နှစ်အတွင်း လုပ်မယ်လို့တော့ မဟုတ်ပါဘူး။ အရေးပေါ်ကာလ အခြေအနေ အတွင်းမှာ ဆောင်ရွက်ဖွယ်ရာကိစ္စများ ပြီးမြောက်ပြီဆိုလို့ရှိရင် ရွေးကောက်ပွဲကျင်းပဖို့ကို ကျွန်တော်ပြန်လုပ်မယ်။ အဲ့ဒီက ရွေးချယ်တင်မြှောက်တဲ့ပါတီက အစိုးရဖွဲ့နိုင်ဖို့အတွက် ဆောင်ရွက် ပေးမယ်။ လွှဲပေးမယ်။ ကျွန်တော်ပြောခဲ့တာပါ။

 

နောက်တစ်ခုကလည်း ခုနကပြောတဲ့ ဒီရွေးကောက်ပွဲ မဲစာရင်းတွေမှားတဲ့အထဲမှာ အဓိက မှားတာ က မှတ်ပုံတင်မရှိဘဲနဲ့ မဲစာရင်းတွေပါနေတဲ့ ကိစ္စတွေ။ မဲစာရင်းမှာမှတ်ပုံတင်မပါတာ လူပေါင်း ၁၀ သန်းကျော်လောက်ပါနေတယ်။ အဲဒီလူတွေကို ကျွန်တော်တို့ စိစစ်တဲ့အခါမှာ လေးသန်းကျော် လောက်က မှတ်ပုံတင်ပေးဖို့ အရေးတကြီးပေးဖို့ လိုနေတယ်။ ကျွန်တော်တို့ မှတ်ပုံတင်တွေ ထပ်ထုတ်ပေးနေတာတွေရှိတယ်။ ဒါတွေကလည်း အနည်းဆုံး ၁၈ လ ကြာမယ်လို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ခန့်မှန်းတာပေါ့။ ၁၈ လကြာမယ်ဆိုတော့ ဒါကသတ်မှတ် တစ်နေ့ကို လူ ၃၀၀ လုပ်ရမယ်။ အဲ့ဒီ ၃၀၀ လုံး မှန်မှန်ကန်ကန် လုပ်မှ ၁၈ လနဲ့ပြီးမှာ။ တကယ်လို့ အဲဒီလို အရေအတွက်အတိုင်းမလာဘူးဆိုရင် ဒီထက်ပိုကြာဖို့ပဲရှိတော့တာ။ ကျွန်တော်တို့က မဲစာရင်းမှား တာ မှတ်ပုံတင်မပါဘဲနဲ့ မဲစာရင်းတွေထည့်တဲ့အတွက်ကြောင့် မှားတာကို ထောက်ပြထားတာ။ အဲဒီတော့ လာမယ့်ရွေးကောက်ပွဲ အသစ်လုပ်လို့ရှိရင် မှတ်ပုံတင်မပါဘဲနဲ့ မဲစာရင်းထဲမှာ ပါလာလို့ ရှိရင် ကျွန်တော်တို့ပြောစရာဖြစ်လာမယ်။ ဒါကြောင့် မှတ်ပုံတင်က မရှိမဖြစ် ကျွန်တော်တို့ ပေးရမယ့်လုပ်ငန်းတစ်ရပ် ဖြစ်တယ်။ ဒီလုပ်ငန်းပြီးမှ ကျွန်တော်တို့က ရွေးကောက်ပွဲကို စာရင်းဇယား မှန်မှန်နဲ့ရွေးကောက်ပွဲတစ်ခု လုပ်လို့ရမယ်။ ဒီဟာကို ကျွန်တော်တို့ အချိန်တစ်ခု ပေးရလိမ့်မယ်။ ဒါကြောင့် ၂ နှစ်လည်း ဖြစ်ရင် ဖြစ်သွားမယ်လို့ ကျွန်တော်ပြောတာ။

 

နောက်တစ်ခုရှိသေးတယ်။ အဲဒါကဘာလဲ ဆိုတော့ ကျွန်တော်တို့ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ဆိုတာရှိတယ်။ ဒီဥပဒေဟာ နိုင်ငံသားပေးရမယ့်ပုဂ္ဂိုလ်တွေပေးဖို့။ ဒါတွေလည်း ဒီမဲပေးတဲ့ ကာလ အတွင်းမှာ မကြာရအောင်လုပ်ဖို့ဆိုပြီးတော့ တာဝန်တစ်ခုရှိတယ်။ ဒါလည်း ကျွန်တော်တို့ သက်ဆိုင်ရာတွေနဲ့ ဆွေးနွေးပြီးတော့ ဆောင်ရွက်နေတာလည်း ရှိတယ်။ ဒါလည်း နှောင့်နှေးနေလို့ မရဘူး။ နှောင့်နှေးမယ်ဆိုရင်လည်း၊ ဒါတွေဟာ ကျန်ခဲ့တယ်ဆိုရင်လည်း အဲဒီမှာပြဿနာတစ်ခုက လာလိမ့်မယ်။ ဒါလည်း ဖြေရှင်းဆောင်ရွက်ဖို့ ရှိနေသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ။

(ဆက်လက်ဖော်ပြပါမည်)