နေပြည်တော် ဇွန် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များသည် ဇွန် ၂၅ ရက်တွင် တာတာစတန်ပြည်နယ် ကာဇန်မြို့ရှိ အထင်ကရ နေရာများသို့ သွားရောက်ကြည့်ရှု လေ့လာကြပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်း အောင်ကျော်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သော် (ငြိမ်း) ဦးဆောင်သော အဖွဲ့သည် အမြဲတမ်းအတွင်း ဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကာဇန်မြို့ရှိ တာတာစတန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီသို့ သွားရောက်လေ့လာကြပြီး ပြည်နယ် ဝန်ကြီး တာတာစတန် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ အမှုဆောင်အရာရှိချုပ် Ms.Taliya Minullina နှင့်တွေ့ဆုံ၍ ရင်းနှီးမြှုပ်မှုကိစ္စရပ်များကို ဆွေးနွေးကြကာ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ကာဇန်မြို့ ဒုတိယမြို့တော်ဝန်နှင့် ကာဇန်မြို့တော်ခန်းမ၌ တွေ့ဆုံပြီး နေပြည်တော်နှင့် ကာဇန်မြို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာအကူအညီ များ ပေးအပ်သွားရေး၊ အထူးသဖြင့် ပို့ဆောင်ရေးနှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးစဉ်များ အပြန် အလှန် လည်ပတ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် IT Park နှင့် တာတာစတန်ပြည်သူ့ချစ်ကြည်ရေးပြခန်းသို့ သွားရောက် လေ့လာခဲ့ကြသည်။
(သတင်းစဉ်)