ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russia 24 ရုပ်သံသတင်းဌာန၊ International Review အစီအစဉ်မှ ပင်တိုင်သတင်း တင်ဆက်သူ Mr.Fedor Lukyanov အား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ၌တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားသည်။ အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ရပါသည်-
မေး။ မြန်မာနိုင်ငံရဲ့လက်ရှိအစိုးရဟာ လူ့အခွင့်အရေးများချိုးဖောက်ကာ ပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းနေတယ်လို့ နိုင်ငံတကာမှ ဝေဖန်ပြောဆိုနေတာတွေ ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့ အတွက် ဘယ်လိုလုပ်ဆောင်သွားမလဲ။ အရပ်သားအစိုးရကို ပြန်လည်အသက်သွင်းနိုင်ဖို့ ဒီမိုကရေစီစံနှုန်းနဲ့အညီ ရွေးကောက်ပွဲတွေကိုရော ပြန်လည်ကျင်းပပေးဖို့ အစီအစဉ်ရှိသလား ဆိုတာလေး သိချင်ပါတယ်။
ဖြေ။ မှန်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းမှုတွေ ဆောင်ရွက်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲနဲ့ ကျွန်တော်တို့ ဒီအခက်အခဲတွေဖြစ်လာခဲ့တာပေါ့။ ကျွန်တော်တို့ဒါနဲ့ ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်မှု လုပ်တဲ့အခါမှာလည်း အကြမ်းဖက်တဲ့ ဖြစ်ရပ်တွေပေါ်မှာ ကျွန်တော်တို့ တချို့ဟာတွေလည်း တုံ့ပြန်ပြီး ဆောင်ရွက်တာတွေရှိတော့ ဒီအပေါ်မှာ ကျွန်တော်တို့ အပေါ်မှာလည်း နားလည်မှုလွဲမှားပြီး စွပ်စွဲမှုတွေ အမျိုးမျိုးရှိတယ်။ အဲဒီတော့ ဒီမှာပြောချင်တာက တော့ ဒီမိုကရေစီမှာတော့ သာမန်အားဖြင့် အစိုးရတစ်ရပ်ကိုမကြိုက်လို့ ဆန္ဒပြတာတွေလည်း ရှိတယ်။ ဒါကတော့ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကမ္ဘာမှာလည်း ဒါတွေဖြစ်စဉ် ပေါင်းများစွာ သာဓကရှိတယ်။ သို့သော်လည်းပဲ သာမန်ဆန္ဒပြမှုကနေ ကျော်လွန်ပြီးတော့ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက် မှုတွေဖြစ်လာလို့ ရှိရင်တော့ ဒါကို အများသူ ငါမထိခိုက်အောင် တရားဥပဒေစိုးမိုးရေးကို မထိခိုက်အောင်တော့ သက်ဆိုင်ရာတာဝန်ရှိတဲ့ လုံခြုံရေး အဖွဲ့အစည်းကနေ တုံ့ပြန်ဆောင်ရွက်ရတာ ရှိတယ်။ ဒီအပေါ်မှာ ကျော်လွန်ပြီး လုပ်တယ်ဆိုရင်တော့ ဒါဥပဒေအရလုပ်ရမှာ ဖြစ်ပါတယ်။ ဘယ်ဘက်ကလုပ်လုပ် ဟိုဘက်ကလုပ်လုပ် ဒီဘက်ကလုပ်လုပ် ကျော်လွန်ပြီးဖြစ်လာလို့ရှိရင်တော့ ဥပဒေအရ အကုန်လုံး ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်အပေါ်မှာ ဘာမှအငြင်းပွားစရာတော့ မရှိဘူး။ ဒီဖြစ်စဉ်ဖြစ်တာကလည်း ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်တဲ့ ရွေးချယ်ပွဲတွေမှာ မသမာမှုတွေ လုပ်ခဲ့တဲ့ အတွက်ကြောင့် ဒီပြဿနာတွေ ဖြစ်လာခဲ့တာ။ ဒါစောစောစီးစီးက ရှင်းမယ်ဆိုလို့ရှိရင် ရှင်းလို့ရရဲ့သားနဲ့ ဒီတွေ့ဆုံ ဆွေးနွေးမှုလမ်းကြောင်းတွေ ရှင်းလင်းတဲ့ လမ်းကြောင်းတွေကို မလုပ်ဘဲနဲ့ အဆင့်ကျော်လာတဲ့ အတွက်ကြောင့် ဒီပြဿနာတွေ ဖြစ်လာခဲ့တာ။ ကျွန်တော်ကတော့ စပြီးတက်ကတည်းက ရှေ့လုပ်ငန်းစဉ် (၅)ချက် ကြေညာထားတာရှိတယ်။ အဲဒီမှာအရေးပေါ် အခြေအနေကာလတွေကျော်လွန်ပြီး ဆောင်ရွက်ပြီးပြီဆိုလို့ရှိရင် လုပ်သင့်လုပ်ဆောင်တာတွေ ပြီးအောင် ဆောင်ရွက်ပြီးပြီဆိုလို့ရှိရင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲတစ်ခုကို ကျွန်တော်ပြန်လုပ်မယ်လို့ပြော
ထားတာရှိတယ်။ မဖြစ်မနေလုပ်မှာပါ။ သို့သော်လည်းပဲ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေ ရောက်ဖို့တော့ လိုပါတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြီးမြောက်အောင်လည်း လိုပါတယ်။ ဒီအပေါ်မှာပြီးလို့ရှိရင်တော့ ရွေးကောက်ပွဲမလွဲမသွေလုပ်မယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။
မေး။ ကျွန်တော်တို့လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲအတွက် တိကျတဲ့ကာလ တစ်ခုကို လက်ရှိအချိန်မှာ ဖြေကြားပေးဖို့ ခက်နိုင်ပါသလား။
ဖြေ။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတည်ငြိမ်အေးချမ်းမှုအပေါ်မှာ မူတည်တာပေါ့ဗျာ။ ကျွန်တော့်မှာ ဒီအခြေခံဥပဒေအရ ကျွန်တော်တို့ အရေးပေါ်ကာလတစ်နှစ်ပဲ ကြေညာလို့လုပ်လို့ရပါတယ်။ ဒါကိုမပြီးမြောက်ဘူး ဆိုလို့ရှိရင် ကျွန်တော်တာဝန်ရှိတဲ့ အဖွဲ့အစည်းကို ကျွန်တော်ပြန်လည်တင်ပြပြီးတော့မှ ၆ လတစ်ကြိမ် ၆ လတစ်ကြိမ် သက်တမ်းနှစ်ကြိမ် တိုးခွင့်ရှိတယ်။ အားလုံးတစ်နှစ် အားလုံးနှစ်နှစ် အဲဒီတော့ အကြမ်းဖျင်းအားဖြင့်တော့ ဒီနှစ်နှစ်အတွင်းမှာတော့ ရွေးကောက်ပွဲ ပြန်ဖြစ်ဖို့အတွက် လမ်းစရှိတယ်ဆိုတာကို ကျွန်တော်ပြောလိုတယ်။ ဒီလိုတော့ဖြေလို့ ရတာပေါ့ဗျာ။ အခုတိုင်းပြည်ရေးရာဟာ အခုလက်ရှိ အခြေအနေမှာတော့ ကျွန်တော်တို့ဟာ ၁၀၀ ရာခိုင်နှုန်း အားလုံးပြီးပြီဆိုတဲ့ တည်ငြိမ်အေးချမ်းပြီဆိုတဲ့ အခြေအနေတော့ မရောက်သေးတဲ့ အခြေအနေရှိတာပေါ့။
ဒါကြောင့် ဒါကိုလည်း ထည့်ပြီးစဉ်းစားဖို့ လိုပါတယ်။ နည်းနည်းတော့ ကျွန်တော်ပြောဖို့တော့ စောသေးတယ်။ သို့သော်လည်း အကြမ်းဖျင်း နှစ်နှစ်မှာတော့ ဖြစ်နိုင်ပါတယ်။
မေး။ မြန်မာနိုင်ငံရဲ့ တည်နေရာအနေအထားဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှအတွက် စစ်ရေးအရရော စီးပွားရေးအရပါ လွန်စွာအချက်အချာကျပြီး တစ်ခုတည်းသော နေရာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက စိတ်ဝင်စားလျက် ရှိတယ်လို့ သိရှိရပါတယ်။ ရန်ကုန်ကိုကြည့်မယ်ဆိုရင် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရန် ဘယ်လိုလုပ်ဆောင်ပါသလဲ၊ ဘယ်သူတွေက အဓိကလုပ်ဆောင်ပါသလဲ၊ အဓိက လုပ်ဆောင်သူတွေနဲ့ ဘယ်လိုမျိုးဆက်သွယ် မှုတွေရှိပါသလဲ။
ဖြေ။ အနောက်အုပ်စုနိုင်ငံကြီးတွေကို ပြလို့ရှိရင်တော့ အနောက်အုပ်စုနိုင်ငံကြီးတွေလို့ပြောရမှာပေါ့။ ကျွန်တော်တို့ နိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထဝီအနေ အထားအရ အရေးပါတဲ့ အနေအထားမှာ ရှိပါတယ်။ အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အိမ်နီးနားချင်းတိုင်းပြည်က တရုတ်နိုင်ငံနဲ့ အင်အားကြီး အိန္ဒိယနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နိုင်ငံတွေ ဖြစ်တော့ သူတို့ဒါကိုတော့ စိတ်ဝင်စားတဲ့ ပထဝီဝင် အနေအထားအရလည်း စိတ်ဝင်စားတာပေါ့နော်။ နိုင်ငံရေးအရလည်း စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံက ပထမဆုံးစပြီးတော့ နိုင်ငံစပြီး လွတ်လပ်ရေးရပြီးအချိန်မှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့သွားခဲ့တယ်။ နောက်ပိုင်းကျတော့ တော်လှန်ရေးကောင်စီ တက်လာပြီးတော့မှ လမ်းစဉ်ပါတီဆိုရှယ်လစ် စနစ်နဲ့ ကျွန်တော်တို့သွားခဲ့တာရှိတယ်။ ဒီမှာလည်း ပြည်သူတွေက ပါတီစုံလမ်းကြောင်းကို လိုချင်တယ်ဆိုပြီးတော့ ၁၉၈၈ ခုနှစ်မှာ ဆူပူဆန္ဒပြမှုတွေ ဖြစ်လာတယ်။ ၈၈ ခုနှစ်မှာ နောက်ဆုံးတော့ အဲဒီအစိုးရပြိုကွဲသွားရတာပေါ့။
ပြိုကွဲသွားပြီးတော့ တပ်မတော်ကနေ တိုင်းပြည်ကိုဝင်ထိန်းပေးခဲ့တာရှိတယ်။ အဲဒီတော့ ပြည်သူလူထုရဲ့ လိုလားချက် ဒီမိုကရေစီရဲ့လမ်းကြောင်းပေါ် ကျွန်တော်တို့သွားရတာပေါ့။ ၂၀၁၁ ခုနှစ်မှာ ဒီမိုကရေစီလမ်းကြောင်းကို ကျွန်တော်တို့သွားခဲ့တယ်။ အဲဒီက ဒီမိုကရေစီနိုင်ငံရေးအတွက်က စိတ်ဝင်စားစရာ ဖြစ်တာတစ်ခုကတော့ ပထဝီအနေအထားအရလည်း စိတ်ဝင်စားဖို့ရှိတယ်။ အဲနောက်တစ်ခါ နိုင်ငံရေးအရ လည်း စိတ်ဝင်စားဖို့ရှိတယ်။ အဲဒီတော့ ဒီအနောက်နိုင်ငံတွေကတော့ အဓိကအားဖြင့် ကျွန်တော်တို့ နိုင်ငံအပေါ်မှာ ဝင်ရောက်ပြီးတော့ လွှမ်းမိုးလိုတဲ့ စိတ်တော့ရှိပုံ ရတယ်လို့ ကျွန်တော်တွက်ပါတယ်။
မေး။ ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ တရုတ်နှင့်အမေရိကန်တို့ရဲ့ နှစ်နိုင်ငံအားပြိုင်တင်းမာမှု၊ ထိပ်တိုက် တွေ့ဆုံမှုတွေဟာ ပိုမိုသိသာထင်ရှားလာပါတယ်။ အဲ့ဒီအင်အားကြီးနိုင်ငံနှစ်ခုက အာရှနိုင်ငံတွေကို သူတို့နှစ်သက်တဲ့ နိုင်ငံရဲ့ သြဇာအာဏာအောက်ကို ပူးပေါင်းဆောင်ရွက်လုပ်ကိုင်စေလိုတယ်။ အာရှနိုင်ငံတွေ ကိုယ်တိုင်ကလည်း သူတို့နဲ့သံတမန်ဆက်ဆံမှု အဆင်ပြေတဲ့နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်ဆောင်နေတာကိုလည်း တွေ့ရှိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဒီလိုမျိုးနိုင်ငံရေး အခင်းအကျင်း ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ကျွန်တော်တို့က အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ်။ နံပါတ်(၁)အချက်ပေါ့။ နောက်တစ်ခုကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ်။ ကျွန်တော်တို့က ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတယ်ဆိုကတည်းက ကိုလိုနီခေတ်မှာလည်းနေခဲ့ရတယ်။ စောစောက ကျွန်တော်ပြောတဲ့အထဲမှာ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်ပြီးနေခဲ့တယ်လို့ ကျွန်တော်ပြောခဲ့တယ်နော်။ အဲဒီတော့ အဲဒီဖြတ်သန်းလာခဲ့တဲ့ နိုင်ငံရဲ့သမိုင်းကြောင်းနဲ့ပထဝီနိုင်ငံရေးအရ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အရင်တုန်းကလည်း ဘက်မလိုက်နိုင်ငံခြားရေး မူဝါဒကျင့်သုံးတယ်။ နောက်ပိုင်းကျတော့ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ၊ နောက်တစ်ခါ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာနဲ့ မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒ၊ နောက်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်အပေါ်မှာ အခြေခံတဲ့ မူဝါဒနဲ့ ကျွန်တော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံကတော့ မိတ်ဆွေ နိုင်ငံပဲ။ မြန်မာနိုင်ငံမှာမိတ်ဆွေနိုင်ငံပဲရှိတယ်။ ရန်သူနိုင်ငံလို့မရှိဘူးပေါ့။ စောစောက ခင်ဗျားရည်ညွှန်းပြောတဲ့ အမေရိကန်နိုင်ငံကလည်း မိတ်ဆွေနိုင်ငံပါပဲ။ သူကတော့ နည်းနည်းအလှမ်းဝေးတာပေါ့။ ဒါပေမဲ့ အိမ်နီးနားချင်း တိုင်းပြည်ဖြစ်တဲ့ တရုတ်တို့ အိန္ဒိယတို့ကျတော့ ကျွန်တော်တို့က နီးနီးကပ်ကပ် ရှိနေကျနိုင်ငံလည်း ဖြစ်တယ်။ အိမ်နီးနားချင်း ဆက်ဆံရေးကတော့ ကျွန်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ် အလေးထားရတဲ့ ဆက်ဆံရေးရှိတယ်။ ဒါဘယ်နိုင်ငံမှ ဒါကိုငြင်းလို့မရဘူး။ အိမ်နီးနားချင်းဆက်ဆံ ရေးကတော့ မကောင်းလို့မရဘူး။ နှစ်နိုင်ငံ နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု တွေကလည်း အကုန်ရှိပါတယ်။ ဒီလိုပဲ အခြားနိုင်ငံတွေနဲ့လည်း ကျွန်တော်ပူးပေါင်းဆောင်ရွက်မှုတွေ အကုန်ရှိတယ်။ အမေရိကန်နိုင်ငံနဲ့လည်း ဆက်ဆံမှုတွေ အများကြီးရှိခဲ့တယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အလှမ်းဝေးတာလည်း ပါတာပေါ့။ နိုင်ငံရေးကလည်း အရင်လို အလှမ်းဝေးခဲ့ပါတယ်။ အနေအလှမ်းဝေး ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့နည်းနည်းလေး အိမ်နီးနားချင်း တိုင်းပြည်ထက်စာရင်တော့ နည်းနည်းစိမ်းတာတော့ ရှိတာပေါ့။ သို့သော်လည်းပဲ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားကတော့ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ လက်တွဲ ဆောင်ရွက်မယ်ဆိုတဲ့ အနေအထားရှိတယ်။ နောက်တစ်ခါ အာဆီယံနိုင်ငံ အဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့် အာဆီယံရဲ့ကျင့်စဉ်တွေအတိုင်းလည်း လုပ်ကိုင်ရတာရှိတယ်ဆိုတာလည်း ကျွန်တော်ဖြေလိုပါတယ်။
မေး။ ကျွန်တော်တို့အမေရိကန်ကိုတော့အဝေးကမိတ်ဆွေလို့ပြောပါတယ်။ တရုတ်ကိုတော့ အနီးကမိတ်ဆွေလို့ ပြောပါတယ်။ ရုရှားကရော ဘယ်လိုမိတ်ဆွေမျိုးဖြစ်ပါသလဲ။
ဖြေ။ ရုရှားက မိတ်ဆွေနိုင်ငံတွေထဲမှာတော့ အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတစ်ခုပါ။ ခင်ဗျားအခုနက တရုတ်နဲ့ အမေရိကန်ပဲ ရည်ညွှန်းပြီးမေးသွားလို့ ကျွန်တော်က တရုတ်နဲ့အမေရိကန်ကိုပဲ ရည်ညွှန်းပြီး ဖြေခဲ့တာပေါ့။ ရုရှားက ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းနိုင်ငံ မိတ်ဆွေကောင်းနိုင်ငံဖြစ်ပါတယ်။ နိုင်ငံရေး အလှမ်းဝေးပေမယ့် စိတ်ချင်းနီးတဲ့နိုင်ငံဖြစ်တယ်။ နိုင်ငံချင်းတော့ အလှမ်းဝေးတယ်။ သို့သော် စိတ်ချင်းနီးတဲ့ နိုင်ငံတွေ သဘောထားချင်း နီးစပ်စွာတူညီတဲ့ နိုင်ငံဖြစ်တယ်။ သမိုင်းနောက်ခံ အခြေအနေတွေလည်း တော်တော်များများတူတဲ့နိုင်ငံတွေဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ ရုန်းကန်ရတာလည်း တူတဲ့နိုင်ငံတွေ ဖြစ်တယ်။ ဒါကြောင့် ရုရှားနိုင်ငံနဲ့ကျွန်တော်တို့ကတော့ ထာဝရမိတ်ဆွေနိုင်ငံတစ်ခုလို့ ကျွန်တော်တင်စားပြီး ပြောပါရစေ။
မေး။ ကျွန်တော်တို့ ရုရှား-မြန်မာချစ်ကြည်ရေးက တရားဝင်စတင်မှုမတိုင်ခင် (၁၉)ရာစု အလယ်လောက် ကတည်းက ရုရှားနိုင်ငံသံတမန် အဖွဲ့တွေ မြန်မာနိုင်ငံကိုသွားရောက်တာ။ မြန်မာနိုင်ငံဘက်က စေလွှတ် တာတွေ ရှိခဲ့ပါတယ်။ ဒီကာလထဲမှာလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ နားလည်မှု ရရှိထားပြီး ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးပြောသလိုပဲ တကယ့်မိတ်ဆွေအရင်းအချာတွေဖြစ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေ တိုးတက်လာတာကိုလည်း တွေ့မြင်ရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ တိုးတက်အောင်မြင်မှုနဲ့ ပတ်သက်ပြီး အဆွေတော်ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကျေနပ်အားရမှုရှိပါသလား။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ရေး ဆောင်ရွက်ကြရာမှာ အရန် (သို့မဟုတ်) လက်ကျန်ဆိုတဲ့ သဘောတရားရှိပါတယ်။ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရေးကို ရရှိဖို့ဆောင်ရွက်နေတဲ့ အချိန်မှာ ဆောင်ရွက်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်။ ကျွန်တော်တို့ ရုရှား-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး မှာရော ဆောင်ရွက်ရန်ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေအနေနဲ့ ဘယ်လောက်များ ရှိနိုင်ပါသလဲ။ ဆောင်ရွက်ရန်ကျန်ရှိနေတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများဆောင်ရွက်သွားမလဲ ဆိုတာသိချင်ပါတယ်။
ဖြေ။ ရုရှားနဲ့မြန်မာဆက်ဆံရေးပေါ့နော်။ ဒါကတော့ သမိုင်းမှာတစ်လျှောက်လုံး ကောင်းလာခဲ့တာပေါ့။ ကျွန်တော်တို့က ၁၉၉၀ လွန်ကာလတွေမှာတော့ မြန်မာနဲ့ ရုရှားဆက်ဆံရေးပိုကောင်းလာခဲ့တယ်။ အထူးသဖြင့်တော့ စစ်ဘက်နည်းပညာ ပူးပေါင်းရေးဆောင်ရွက်ရေးကဏ္ဍတွေမှာ တော်တော် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာတယ်။ အားရဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုပေါ့။ ကျွန်တော်တို့ရဲ့ တိုင်းပြည်မှာလည်း တိုးတက်ဖို့အတွက် ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေတဲ့ အချိန်မှာ လူသားအရင်းအမြစ်တွေ အများကြီးလိုတယ်။ ဒီလူသား အရင်းအမြစ်တွေကို ကျွန်တော်တို့ ရုရှားနဲ့ နိုင်ငံမှာလာပြီးတော့ ပညာသင်ကြားခဲ့တာတွေ အများကြီးရှိတယ်။အားလုံးပေါင်း ၇ ထောင်ကျော်လောက် ရှိတယ်။ ပညာသင်ခဲ့တာ ထူးချွန်ထက်မြက်တဲ့ သူတွေလည်း အများကြီးပေါ်ထွန်းခဲ့ပါတယ်။ ဒီအထဲက နေပြီးတော့ သူတို့လည်း တိုင်းပြည်တည်ဆောက်ရေး မှာလည်း အများကြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတာ ဖြစ်တယ်။ အဲဒီတော့ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာတော့ အခုနကပြောတဲ့ စစ်ဘက်နည်းပညာ အမြင့်မားဆုံး အခြေအနေပေါ့လေ။ စပ်တူစပ်ကဏ္ဍတွေလည်း ရှိပါတယ်။ သို့သော်လည်းပဲ ပိုပြီးလုပ်ဖို့ လိုတာတွေကတော့ နှစ်နိုင်ငံကူးလူးဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေး ကိစ္စတွေ၊ နောက်တစ်ခါ ကမ္ဘာလှည့်ခရီးသွားကဏ္ဍတွေ၊ နောက်တစ်ခါယဉ်ကျေးမှုနဲ့ နောက်တစ်ခါ အားကစားဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍတွေ၊ ပညာရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ၊ ကျန်းမာရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ၊ ရုရှားကကျန်းမာရေးနဲ့ ပတ်သက်ပြီး အဆင့်လည်း အင်မတန်မြင့်ပါတယ်။ ဒါလုပ်ဖို့ နယ်ပယ်တွေ အများကြီး ကျယ်ဝန်းတာပေါ့ ကျွန်တော်တွေ့တယ်။ ဒါတွေလည်း ကျွန်တော်ရနိုင်တဲ့ လမ်းကြောင်းတွေပေါ်မှာ ရနိုင်တဲ့လုပ်ငန်းရပ်တွေ အကုန်လုံး ဆောင်ရွက်သွားဖို့ ကျွန်တော်ရည်ရွယ် ထားပါတယ်။ အနာဂတ်ဟာ အင်မတန်ကောင်းမွန်လျက်ရှိတယ်ဆိုတာ ကျွန်တော်သုံးသပ်ပါတယ်။
မေး။ အဆွေတော် ဗိုလ်ချုပ်မှူးကြီးပြောသွားတဲ့ ကဏ္ဍတွေထဲက ကမ္ဘာလှည့်ခရီးသွားကရော တော်တော်အလားအလာကောင်းတဲ့ လုပ်ငန်းတစ်ခုလို့ သုံးသပ်မိပါတယ်။ လက်ရှိအနေအထားမှာ ရုရှားနိုင်ငံက ပြည်သူတွေအနေနဲ့ COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေ ရပ်နားထားရတဲ့ အချိန်မှာ သွားလာလိုတဲ့ ဆန္ဒရှိတဲ့လူတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ရောဂါကာကွယ်ရေးတွေ လုပ်နိုင်ချိန်မှာ ရုရှားနိုင်ငံအတွက် အခွင့်အရေး ဖွင့်ပေးမယ်ဆိုရင်တော့ ရရှိတဲ့အခွင့်အရေးကို အသုံးပြုပြီးတော့ ရုရှားပြည်သူပြည်သားတွေက မြန်မာနိုင်ငံကို လာရောက်ကြမှာ ဖြစ်ပါတယ်။ အခုလိုမျိုး ကျွန်တော့်ရဲ့ မေးခွန်းတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ။ ကောင်းပါပြီ အဓိကတော့ ထိတွေ့မှု များများရှိလို့ရှိရင် ရင်းနှီးမှုရှိမယ်၊ ယုံကြည်မှု ရှိမယ်။ ဒါကြောင့် ထိတွေ့မှုများများ နှစ်နိုင်ငံ ပြည်သူများထိတွေ့မှု များများရှိဖို့ နှစ်နိုင်ငံနယ်ပယ် အသီးသီးမှာ ထိတွေ့မှုများများရှိဖို့ လိုတယ်။ အဲဒါဆိုရင်တော့ ယုံကြည်မှု၊ ရင်းနှီးမှုရသွားလို့ရှိရင် ပိုပြီးခိုင်မာစေမယ်ဗျာ။ လူဆိုတာကတော့ ယုံကြည်မှုနဲ့ အကုန်လုံးခိုင်မာအောင် တည်ဆောက်ကြတာကိုး။ ကျွန်တော်တို့ကတော့ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ နောက်တစ်ခါ ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံကို ဆောလျင်စွာလာနိုင်ရေး အခြေအနေပေါ်မှာလည်း ရောက်စေဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ ဘာပဲပြောပြော တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောလိုတယ်။ ။