နေပြည်တော် ဇွန် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ Kazan Higher Tank Red Banner Command School သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Kazan Higher Tank Red Banner Command School မှ ခေတ္တ ကျောင်းအုပ်ကြီး Colonel Alexander Urin နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ခေတ္တကျောင်းအုပ်ကြီးက သင်တန်းကျောင်းဖြစ်ပေါ် လာပုံ သမိုင်းအကျဉ်း ချုပ်ကို ရှင်းလင်းပြောကြားကာ ပြည်ပမှ သင်တန်းသားများ လာရောက် ပညာသင်ကြားပါက နေထိုင်နိုင်ရေး တည်ဆောက်ထားရှိသည့် အခြေ အနေများ၊ သင်တန်းသားများအား တင့်ကား အစစ်ဖြင့် လေ့ကျင့်ပါက လေ့ကျင့်မှု ကုန်ကျစရိတ်နှင့် တင့်ကား၏ စွမ်းဆောင်ရည်ပိုင်းကိုလည်း ထိခိုက်စေနိုင်သည့်အတွက် အမျိုးမျိုးသော Tank simulator များဖြင့် စနစ်တကျ သင်ကြား လေ့ကျင့်ပြီးမှ သာလျင်တင့်ကားအစစ်များဖြင့် လေ့ကျင့်ပေးလျက်ရှိသည့် အခြေအနေများ၊ အရေး ပေါ်အခြေအနေနှင့် ကမ်းတက် စစ်ဆင်ရေးများတွင် ရေကူးကျွမ်းကျင်မှုနှင့် ရေအောက် တွင် လှုပ်ရှားသွား လာ၍ တင့်ယာဉ်များအား ထိန်းသိမ်းနိုင်ရေးအတွက် ရေကူး၊ ရေငုပ် လေ့ကျင့်ခန်းများကို လေ့ကျင့်သင်ကြားပေးနေမှု အခြေအနေများကို လိုက်လံရှင်းလင်း ပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ခေတ္တကျောင်းအုပ်ကြီးတို့ သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။ အဆိုပါ Kazan Higher Tank Red Banner Command School ကို ၁၉၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၂ ခန့်ကြာမြင့်ပြီဖြစ်သည့် သမိုင်း အစဉ်အလာ ကြီးမားသည့် သင်တန်းကျောင်းတစ်ခု ဖြစ်ကြောင်း၊ သင်တန်း ကျောင်းတွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး အဆင့်သင်တန်းအထိ သင်ကြား လေ့ကျင့်ပေးလျက်ရှိပြီး ယာဉ်မောင်း နှင်မှုအပြင် အခြားကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် စစ်ပညာ ကျွမ်းကျင်မှု သင်တန်းများကိုပါကို ဘက်စုံ ကျွမ်းကျင်မှုရှိအောင် သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း၊ သင်တန်းဆင်းပြီး တင့်တပ်ခွဲမှူး များကို စစ်မြေပြင်တွင် ချက်ချင်း ကွပ်ကဲအုပ်ချုပ်နိုင်သည်အထိ လေ့ကျင့်ပေးထားပြီးဖြစ်ပြီး လိုအပ်ပါက တင့်ကား တပ်ရင်း ခေါင်းဆောင်အဖြစ် ကွပ်ကဲအုပ်ချုပ်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်း ကျောင်းမှ သင်တန်းဆင်းပြီး အရာရှိများသည် အမျိုးမျိုးသော တင့်ကား အမျိုးအစား များကို မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် ကွပ်ကဲအုပ်ချုပ်မှု ကောင်းသည့် ခေါင်းဆောင်များအဖြစ် တာဝန်ထမ်းဆောင်နိုင်စေရန် လေ့ကျင့် သင်ကြား မွေးထုတ် ပေးလျက်ရှိကြောင်း၊ ရုရှားတပ်မတော်စစ်ဦးစီးချုပ် Army General V.V Gerasimov တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းကျောင်းလည်းဖြစ်ပြီး သင်တန်းဆင်းအရာရှိများ အနက်မှ ဗိုလ်ချုပ်အဆင့်အထက်အရာရှိ ဦးရေ ၁၀၀ ကျော်နှင့် သူရဲကောင်း ဘွဲ့ရရှိသူ ၁၀ ဦးအထိရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်