ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ တွေ့ရှိမှု ရာခိုင်နှုန်း သိသိသာသာ မြင့်တက် လာနေပြီဖြစ်ရာ ကမ္ဘာ့ကပ်ရောဂါ မိမိတို့ထံ ကူးစက်မလာစေရေးအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး အထူး ဂရုပြုကြရန် တိုက်တွန်းနှိုးဆော်လိုသည်။ ဓာတ်ခွဲအတည်ပြုလူနာ များအတွင်း မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုးများ ကူးစက်ခံထား ရမှုများကိုပါ တွေ့ရှိခဲ့ရာ ယင်းတို့၏ ရောဂါပိုးကူးစက်နိုင်မှုနှင့် ထပ်မံ ကူးစက်ပျံ့နှံ့နိုင်မှု၊ ဆေးရုံတက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေတို့ မှာ ပိုမို၍ မြင့်မားပြင်းထန်ခြင်းကြောင့် ကြိုတင်ကာကွယ်မှုက ပို၍ အရေးပါလျက်ရှိသည်။
မြန်မာနိုင်ငံတွင် တွေ့ရှိနေရပြီဖြစ်သည့် မျိုးရိုးဗီဇကွဲကိုဗစ်- ၁၉ ရောဂါပိုးများအနက် အယ်လ်ဖာပိုးသည် မူလကိုဗစ်-၁၉ ထက် ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်စွာ ကူးစက်နိုင်ပြီး ဒယ်လ်တာပိုး ကမူ အယ်လ်ဖာပိုးထက် နှစ်ဆပို၍ မြန်ဆန်သည်ဟုဆိုရာ ကြောက် မက်စရာ အကောင်းဆုံး မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ပိုးပင်ဖြစ်သည်။ သို့ရာတွင် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုးတို့သည်လည်း ရောဂါ ကာကွယ်ရေး မူလနည်းလမ်းများအတိုင်း ဆက်လက်ကျင့်သုံး နေထိုင်ခြင်းအားဖြင့် ကူးစက်မခံရနိုင်ဟု ဆိုသည့်အတွက် မပျက် မကွက် ကျင့်သုံးကြဖို့လိုသည်။ အယ်လ်ဖာ၊ ဒယ်လ်တာ စသည့် မျိုးရိုးဗီဇကွဲပိုးတို့သည်လည်း အလွှာသုံးလွှာပါသည့် ပါးစပ် နှာခေါင်းစည်း (Mask) ကိုထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသည်ကို တွေ့ရှိထားရာ ပါးစပ်နှာခေါင်းစည်းကို စနစ်တကျ လုံခြုံစွာတပ်ဆင် ခြင်း၊ စနစ်တကျစွန့်ပစ်ခြင်း နည်းလမ်းများအတိုင်း ဆက်လက် ကျင့်သုံးကြရန်၊ မျိုးရိုးဗီဇကွဲပိုးများသည်လည်း ဆပ်ပြာတွင် ပြိုကွဲ သွားသည့်အတွက် ဆပ်ပြာဖြင့် စက္ကန့် ၂၀ကြာလက်ကို စနစ်တကျ ဆေးကြောမှု မကြာခဏပြုလုပ်ရန် ကျန်းမာရေးသုတေသီတို့က အကြံပြုထားသည်။ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် ခပ်ခွာခွာနေထိုင်ဆက်ဆံခြင်း၊ လူစုလူဝေးကိုရှောင်ရှားခြင်းဖြင့်လည်းလေထုမှ ရောဂါကူးစက်မှု အခွင့်အလမ်းနည်းပါးစေသည့်အတွက် ဆက်လက်ကျင့်သုံးကြရန် နှိုးဆော်လျက်ရှိသည်။ သို့ဖြစ်သည့် အတွက် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ပိုးသစ်တို့ကို နည်းလမ်းဟောင်းများဖြင့် ပင်ကာကွယ်နိုင်ကြောင်းသိနားလည်ကြပြီး မိမိနှင့် မိမိတို့၏ မိသားစုတို့ကို ကာကွယ် နိုင်ကြရန် လိုသည်။
လက်ရှိကာလတွင် မြန်မာနိုင်ငံအတွင်း လူဦးရေ ၁ ဒသမ ၈ သန်းခန့်ကို အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ကာကွယ်ဆေး covishield ဆေးထိုးနှံထားပြီးဖြစ်ပြီး ဆက်လက်၍ ထိုးနှံပေး သွားရန်ရှိသော်လည်း အိန္ဒိယနိုင်ငံတွင် ရောဂါကူးစက်မှု လွန်စွာ မြင့်မားလာသည့်အတွက် ကာကွယ်ဆေးများ ပြည်ပသို့ တင်ပို့မှုကို ဆိုင်းငံ့ထားခြင်းနှင့် ကြုံတွေ့နေရသည်။ အိန္ဒိယနိုင်ငံထုတ် Covishield ကာကွယ်ဆေးသည် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ပိုးများဖြစ်သည့် ဒယ်လ်ကာပိုးကို ၆၀ ရာခိုင်နှုန်းအထက်၊ အယ်လ်ဖာပိုးကို ၇၀ ရာခိုင်နှုန်းခန့် ထိရောက်စွာ ကာကွယ်နိုင်သည်ဟုသိရသည်။ မည်သို့ ပင်ဖြစ်စေကာမူ ကာကွယ်ဆေးထိုးပြီး သူများသည်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးနည်းလမ်းများကို ကျင့်သုံး ကြရန် နှိုးဆော်ထားသည်ကို သတိပြုကြရန်လိုသည်။ ။
မူလ ကိုဗစ်-၁၉ ကူးစက်ရောဂါသည်ပင် ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားရသူများတွင် ကြောက်စရာကောင်းအောင် ခံစား ကြရသည်။ ပိုမိုပြင်းထန်သည့် မျိုးရိုးဗီဇကွဲပိုးများကိုမူ ကာကွယ်ခြင်း ကိုသာ အလေးအနက်ထား ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်များ အတွင်းနှင့် မိသားစုများအတွင်း၌လည်း ရောဂါကာကွယ်ရေး နည်းလမ်းများ သတိပေး၊ အသိပေးကျင့် သုံးခြင်းကို နိုးကြား တက်ကြွစွာ ဆောင်ရွက်နိုင်ကြရန် အကျိုးမျှော်၍ နှိုးဆော်အပ် ပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်