နေပြည်တော် ဇွန် ၂၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းရှိ ရိုးမရိပ်သာ Quarantine center သို့သွားရောက်၍ ပြည်ပမှ ပြန်လာသူများကို Quarantine ထားရှိ ဆောင်ရွက်နေမှုနှင့် လုံခြုံရေး အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လူနာများအား ဆေးရုံသို့လွှဲပြောင်းကုသရန် လိုအပ်ပါက အချိန်နှင့်တပြေးညီ လွှဲပြောင်း ပို့ဆောင်နိုင်ရေး ဆောင်ရွက်ထားရှိရန်နှင့် မလွှဲပြောင်းမီ အရေးပေါ်ကုသမှုပေးနိုင်ရန် ဆေးခန်းထားရှိရေး၊ လူနာများ၏ ကျန်းမာရေးအခြေ အနေများကို control roomမှ အချိန်နှင့်တပြေးညီ စီမံခန့်ခွဲနိုင်ရေးနှင့် လိုအပ်သည့် Volunteer များကို အမြန်ဆုံး ဖြည့်ဆည်း ပေးနိုင်ရေးတို့နှင့်ပတ်သက်၍ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လမ်းမတော်မြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် COVID-19 ရောဂါ ပြင်းထန်လူနာများ လက်ခံကုသနိုင်ရန် ICU နှင့် HDU ခန်းများ ပြင်ဆင် ထားရှိမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး သို့သွားရောက်ပြီး ပါမောက္ခ ဌာနမှူးများနှင့် တွေ့ဆုံကာ COVID-19 လူနာများကို ရောဂါအခြေ အနေပေါ်မူတည်၍ သက်ဆိုင်ရာဆေးရုံများမှ စနစ်တကျ လက်ခံကုသမှုပေးနိုင်ရေး၊ COVID-19 ရောဂါကုသရေး တာဝန်များအပြင် ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားရေးတို့နှင့် ပတ်သက်၍ မှာကြားသည်။
ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် Myanmar Convention Center တွင်ဖွင့်လှစ် ထားသော COVID-19 ရောဂါကုသရေးဌာနတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ COVID-19 ရောဂါကုသရေးဌာန စတင်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စည်ပင်ကျန်းမာဌာနမှူး ဒေါက်တာသန်းသန်းလွင်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည့် ဆေးပစ္စည်းကိရိယာများ ကိုဖြည့်ဆည်း ပေးသွားမည့် အခြေအနေ၊ လိုအပ်လျက် ရှိသည့် Volunteerများကို နေ့စားဝန်ထမ်း စနစ်ဖြင့် ဖြည်းဆည်းပေးသွားရန်၊ လူနာများ နေထိုင် စားသောက်ရေး အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက် သွားရန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် COVID-19 ရောဂါ ကုသရေးဌာန (မရမ်းကုန်း) အင်းယား စင်တာသို့ သွားရောက်ကာ အသင့်အတင့် ရောဂါလက္ခဏာရှိ လူနာများကို Oxygenပေးနိုင်ရန် ဆောင်ရွက်ထားရှိမှု ၊ လူနာများအား စနစ်တကျ ကျန်းမာ ရေးစစ်ဆေးနိုင်ရန် ဆောင်ရွက်ထားရှိမှု ၊ လူနာများ၏ အခြေအနေကို Control room မှနေ၍ အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ရန် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လူနာလွှဲပြောင်း လက်ခံကုသ မှုစနစ် ဆောင်ရွက်ထားရှိရန်၊ ကုသရေးဌာနမှ တာဝန်ရှိသူများအနေဖြင့် ဌာနဆိုင်ရာအသီးသီး နှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ လူနာများ သက်တောင့်သက်သာရှိစွာဖြင့် အမြန်ဆုံး ရောဂါ သက်သာပျောက်ကင်းစေရန် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် လူနာများအပေါ် မိမိတို့၏ မိသားစုဝင်များကဲ့သို့ သဘောထားကာ ဆေးပညာကျင့်ဝတ်များနှင့်အညီ ပြုစုစောင့်ရှောက် သွားရန်၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင်လည်း မိမိတို့ကျန်းမာရေးဝန်ထမ်းများ ရောဂါကူး စက်ပြန့်ပွားမှုမရှိစေရန် infection control procedure များကို တိတိကျကျ လိုက်နာသွားကြ ရန် မှာကြားသည်။
ရိုးမရိပ်သာ COVID-19 ရောဂါကုသရေးဌာန အနေဖြင့် Quarntine လူဦးရေ (၁၀၀၀) နှင့် COVID-19 ရောဂါအတည်ပြုလူနာ (၅၇၆)ဦး၊ COVID-19 ရောဂါကုသရေးဌာန (မရမ်း ကုန်း) အင်းယားစင်တာတွင် COVID-19 ရောဂါအတည်ပြုလူနာ (၄၀၀) ၊ MCC COVID-19 ရောဂါကုသရေးဌာနတွင် COVID-19 ရောဂါအတည်ပြုလူနာ (၂၅၀) လက်ခံ ကုသပေး သွားနိုင် မည်ဖြစ်ပြီး MCC COVID-19 ရောဂါကုသရေးဌာနအနေဖြင့် ဇွန် ၂၆ ရက် မှ စတင်၍ လူနာ လက်ခံ ကုသပေးသွားမည်ဖြစ်ကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် အထွေထွေ ရောဂါဆေးရုံ သစ်ကြီး၊ ရန်ကုန်တို့တွင်လည်း COVID-19 ရောဂါလူနာများ လက်ခံ ကုသပေးနေပြီဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)