နေပြည်တော် ဇွန် ၂၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဇွန် ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ မြို့ပတ်ဒီဇယ် စက် ခေါင်းစက်ရုံ(အင်းစိန်)၊ လေကြောင်းပညာသိပ္ပံနှင့်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့ပတ်ဒီဇယ် စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ရောက်ရှိပြီး စက်ရုံမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက မြို့ပတ်ရထားများ ပြေးဆွဲပေးခြင်းဖြင့် ရန်ကုန်မြို့နေ ပြည်သူများသက်တောင့် သက်သာအဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်၍ ရထားများပုံမှန်ပြေးဆွဲ နိုင်ရေးနှင့် ခေါက်ရေတိုး တက်ပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန်၊ ယခင်ကမြို့ပတ်ရထား ပြေးဆွဲမှု ရပ်တန့်ခဲ့သော်လည်း ယခုအချိန်တွင် လက်ဝဲရစ်၊ လက်ယာရစ် လမ်းကြောင်း(၂) ခုကို ပြန်လည်ပြေးဆွဲပေးနိုင်ပြီ ဖြစ်ကြောင်း၊ ဌာနအကြီးအကဲများအနေဖြင့် မြို့ပတ်ရထားများ နေ့စဉ်ပုံမှန် ပြေးဆွဲပေးနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားကာ စက်ရုံမှအရာထမ်း၊ အမှုထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး မြို့ပတ်ဒီဇယ် စက်ခေါင်းစက်ရုံ တိုးချဲ့တည်ဆောက်ရေးစီမံကိန်း တာဝန်ရှိသူများ ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။ ထို့နောက် မြို့ပတ်ရထားလမ်း တွင် အသစ်ပြေးဆွဲမည့် DEMU ရထား တွဲဆိုင်းအသစ်နှင့် လက်ရှိပြေးဆွဲနေသည့် RBE ရထားတွဲဆိုင်းများကို ကြည့်ရှု့စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေကြောင်းပညာ သိပ္ပံသို့ရောက်ရှိရာ ဧည့်ခန်းမ၌ ကျောင်းအုပ်ကြီးက လေကြောင်း ပညာသိပ္ပံ၏ သမိုင်းကြောင်း၊ ရည်ရွယ် ချက်၊ ဖွဲ့စည်းပုံ၊ ဖွင့်လှစ်ခဲ့သောသင်တန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများနှင့်အနာဂတ် ကာလ ဆောင်ရွက်မည့် အစီအမံများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား သည်။
ထို့နောက် ခန်းမဆောင်တွင် သင်ကြားရေးနှင့်နည်းပညာ အကူပေးရေးဌာနများမှဌာန မှူးများ၊ ကထိကများ၊ နည်းပြများ၊ အုပ်ချုပ် စီမံဌာနမှ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံ သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လေ့ကျင့်သင်ကြားပေးမှု ကောင်းမွန်မှသာ လက်တွေ့နယ်ပယ်တွင် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်၊ သင်ရိုးဇယားများ ခေတ်နှင့်လျော်ညီစွာ ရေးဆွဲသင်ကြားပေးရန်နှင့် သင်ကြားရေးအထောက်အကူပစ္စည်းများ ကောင်းမွန် ပြည့်စုံမှုရှိရန်၊ ဘာသာရပ်မျိုးစုံ သင်ကြား ပေးရသည်ဖြစ်၍ နည်းပြများပြည့်စုံစွာဖြင့် လေ့ကျင့် သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန်၊ ဌာနအကြီးအကဲများအနေဖြင့် မိမိလက်အောက် ဝန်ထမ်းများကို လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသောအခြေအနေများကို နားလည် သဘောပေါက်အောင်ရှင်းလင်း ပြောကြားရန်၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်း စွာဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် သွားကြရန် မှာကြားပြီး နည်းပြ၊ အရာထမ်း၊ အမှုထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများတွင် သင်ကြားမှုနှင့် သင်/ ထောက်/ ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ရောက်ရှိပြီး လေဆိပ်အဆင့်မြှင့်တင်ရေး စီမံကိန်း၏ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများစောလျင်စွာပြီးစီးရေးဆောင်ရွက်နိုင် သည့် လုပ်ငန်းများ ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် လေဆိပ်ဝန်ဆောင်မှုများ ဗဟိုထိန်းချုပ်ရေးခန်းမ AirportOperation Control Centre (AOCC) ၌ တာဝန်ရှိသူက လေဆိပ် ဝန်ဆောင်မှုလုပ်ငန်းများ ထိန်းချုပ် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် အသစ်ဆောက်လုပ်ပြီးစီး၍ အသုံးပြုနေသော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal(1) နေရာရှိ Check In, Check Out နေရာများ၊ ခရီးဆောင်အိပ်များ ရွေးယူသည့်နေရာများ၊ ခရီးသည်နားနေခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)