Skip to main content

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီး

နေပြည်တော် ဇွန် ၂၆

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့တွင် မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားများကို ယနေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ကုန်တင် ယာဉ်ရပ်နားကွင်း၌ နံနက် ၆ နာရီက ကျင်းပသည့် မီးရှို့ဖျက်ဆီး ခြင်းအခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်၍ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသ တို့မှ ဖမ်းဆီးရမိသော ဘိန်း ၀ ဒသမ ၀၀၂ ကီလို၊ ဘိန်းဖြူ ၂၄၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ် ဆေးပြား ၆၈ သန်းကျော်၊ အိုက်စ် ၅၃၃၁ ကီလိုကျော်၊ ဘိန်းစာမှုန့် ၂၁၈၅ ကီလိုကျော်၊ ကတ်တမင်း ၈ ကီလိုကျော်၊ ဆေးခြောက် ၉၂ ကီလိုကျော် အပါအဝင် မူးယစ် ဆေးဝါး ၂၂ မျိုးနှင့် ဓာတုပစ္စည်း ၃ မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် ၃၂၀ ဒသမ ၁၆ ဘီလီ ယံကျော် (အမေရိကန် ဒေါ်လာ ၂၀၀ ဒသမ ၁၀ သန်းကျော်)ကို မီးရှို့ဖျက်ဆီးခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ ရွှေမန်းတောင် အားကစားကွင်း၌ နံနက် ၈ နာရီတွင် ကျင်းပသည့် မီးရှို့ ဖျက်ဆီးခြင်း အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ တက်ရောက်၍  မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့မှ ဖမ်းဆီးရမိ သည့် ဘိန်း ၇၄၃ ကီလိုကျော်၊ ဘိန်းဖြူ ၅၀၂ ကီလို ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား သန်း ၅၀ ကျော်၊ အိုက်စ် ၈၂၆ ကီလိုကျော်၊ ကတ်တမင်း ၁ ဒသမ ၄၃ ကီလို ကျော်၊ ဆေးခြောက် ၁၆၇ ကီလို ကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆  မျိုးနှင့်ဓာတုပစ္စည်း ၁၀ မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၈၆ ဒသမ ၀၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၂၇ သန်းကျော်) ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ နံနက် ၈ နာရီတွင် ကျင်းပသည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်း၊ တောင်ကြီးမြို့နယ်၊ ကုန်းမူကျေးရွာအုပ်စု၊ မံတလင်းကျေးရွာ၊ ဗြုံးကျောက်ထုတ်လုပ်သည့်ကွင်းအနီး၌ ကျင်းပ သည့် ဖမ်းဆီးရမိ ထိန်းချုပ်ဓာတု ပစ္စည်းများကို မြေမြုပ်ဖျက်ဆီးခြင်းအခမ်းအနားတို့တွင် ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲ အရာရှိကြီးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်၍ ရှမ်း ပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရ မိသည့် ဘိန်း ၃၁၂၆ ကီလိုကျော်၊ ဘိန်းဖြူ ၁၈၁၄ ကီလိုကျော်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၅ သန်းကျော်၊ အိုက်စ် ၇၉၂၂ ကီလိုကျော်၊ ကတ်တမင်း ၂၈၀ ကီလိုကျော်၊ ဆေးခြောက် ၄၇၉ ကီလို ကျော်၊ ကဖင်း ၁၂ တန်ခွဲကျော် အပါအဝင် မူးယစ်ဆေးဝါး  ၁၃ မျိုး နှင့် ဓာတုပစ္စည်း ၂၂ မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၆၂ ဒသမ ၄၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၃၅၁ ဒသမ ၅၃ သန်းကျော်)ကို မီးရှို့ ဖျက်ဆီးခဲ့သည်။

ယခု ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံး ပြုသော ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားများ ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၃ နေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ ဘိန်း ကီလို ၃၈၇၀ ကျော်၊ ဘိန်းဖြူ ၂၅၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ကီလို ၁၄၀၈၀ ကျော်၊ ဆေးခြောက် ၇၃၉ ကီလိုကျော်၊  ကတ်တမင်း ၂၈၉ ကီလိုကျော်နှင့် ကဖင်း ၁၂ တန်ခွဲကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၂ မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၀၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်)နှင့် မူးယစ် ဆေးဝါးထုတ် လုပ် ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၆၀ တို့ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း အများအပြား ဖမ်းဆီးရမိ ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)