Skip to main content

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ရန်ကုန်မြို့တွင်းရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၂၄

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ ညနေ ၃ နာရီခွဲက လမ်းမတော်မြို့နယ် မော်တင်ယာယီ ဈေးရပ်ကွက် ကမ်းနားလမ်းရှိ ရွာသစ်ချောင်းရေထိန်းတံခါးမြစ်ထွက်ပေါက်တွင် ၁ နာရီ ရေဂါလန် ၁၉၀,၀၀၀ စုပ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၆၀ အားရှိသည့် 40 KW ရေစုပ်စက်ဖြင့် ရေထိန်းတံခါးပိတ်၍ ရန်ကုန်မြစ်အတွင်း သို့ ရေစုပ်ထုတ်နေမှုကို လည်းကောင်း၊ လသာမြို့နယ် ကမ်းနားလမ်းနှင့် ၂၂ လမ်းထိပ်ရှိ အမှတ်(၆) မြစ်ထွက်ပေါက်၌ ၁ နာရီ ရေဂါလန် ၃၀၀,၀၀၀ စုပ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၁၂၅ အားရှိသည့် 90 KW ရေစုပ်စက်ဖြင့် ရေထိန်းတံခါးပိတ်၍ ရန်ကုန်မြစ်အတွင်းသို့ ရေစုပ်ထုတ်နေမှုကို လည်းကောင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက် မြန်မာ့ဂုဏ်ရောင်လမ်း၊ အမှတ်(၃၁)အခြေခံပညာ မူလတန်းကျောင်းရှေ့၊ နတ်ချောင်းရေထိန်းတံခါး မြစ်ထွက် ပေါက်၌ မိုးရွာသွန်းချိန်နှင့် ဒီရေတက်ချိန်တို့၌ ရေထိန်းတံခါးပိတ်၍ ရေစုပ်စက် (၁)လုံးလျှင် (၁၂)လက်မ ပိုက်ဖြင့် (၁) နာရီ ရေဂါလန် ၂၀၀,၀၀၀ ရေစုပ်ထုတ် နေမှုကိုလည်းကောင်း၊ မေတ္တာညွန့် ရပ်ကွက်ရှိ ခုနှစ်ပင်လိမ်ချောင်း ရေထိန်းတံခါး မြစ်ထွက်ပေါက်၌ ရေစုပ်စက် ၂ လုံး အသုံးပြုကာ (၁၀)လက်မပိုက်ဖြင့် (၁) နာရီ ရေဂါလန် ၁၂၀,၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ၁၆ လက်မပိုက်ဖြင့် ၁ နာရီလျှင် ရေဂါလန် ၃၀၀,၀၀၀ နှုန်းဖြင့်လည်းကောင်း ရေစုပ်ထုတ်နေမှုကိုလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းဘေးရှိ ရေပေါက်ကြည်ချောင်း ရေထိန်းတံခါးတွင် ရေစုပ်စက် ၂ လုံးဖြင့် ၁နာရီလျှင်ရေဂါလန် ၂၀၀,၀၀၀ ရေစုပ်ထုတ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယနေ့သည် နယုန်လပြည့်နေ့ဖြစ်သဖြင့် ညနေ ၃ နာရီ ၄၉ မိနစ်တွင် ရေအမှတ် ၆ ဒသမ ၂ မီတာ သို့ ဒီရေမြင့်တက်သည့်အပြင် မိုးရွာသွန်းပါက ရေကြီးရေလျှံမှုဖြစ်ပေါ် နိုင်သောကြောင့် ရေထိန်းတံခါးများကို နှစ်နာရီကြိုတင်၍ပိတ်ကာ ဒီရေဝင်ရောက်မှုကို တားဆီးပြီး မြို့တွင်းမှ စီးဆင်းသည့်ရေများကို ရေစုပ်ထုတ်ခြင်းဖြင့် ရေကြီးရေလျှံမှုကို ထိန်းသိမ်းနိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

 

(သတင်းစဉ်)