Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနိုင်ငံများ၏ အဆင့်မြင့်ညီလာခံသို့ ပါဝင်တက်ရောက်


နေပြည်တော် ဇွန် ၂၄

 

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့ ညနေ ၆ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် စဉ်ဆက်မပြတ် စီးပွားရေး ပြန်လည် နာလန်ထူရေးဆိုင်ရာ အဆင့်မြင့်ညီလာခံသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။

 

ညီလာခံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ မစ္စတာဝမ်ယိက သဘာပတိအဖြစ်ဆောင်ရွက်ပြီး ကိုလံဘီယာနိုင်ငံ သမ္မတ၊ ဖီဂျီနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး၊ ကာဇတ်စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကာဂျီစတန်နိုင်ငံ အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာဝန်ကြီး၊ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ တာခ်မင်နစ္စတန်နိုင်ငံ အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီး၊ အခြားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဘာသာရပ် ဆိုင်ရာဝန်ကြီးများ အပါအဝင် စုစုပေါင်းနိုင်ငံ(၂၉)နိုင်ငံမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ အဆင့်မြင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

 

ညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆိုင်ရာ စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရေးနှင့် ကူးစက်ရောဂါအလွန်ကာလ၌ စဉ်ဆက်မပြတ် စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် နိုင်ငံအလိုက် ကြိုးပမ်းအားထုတ်မှုများကို ဖလှယ်ခဲ့ ကြသည်။ ထို့အပြင် သဟဇာတဖြစ်သည့် ဂေဟစနစ်ကို ထိန်းသိမ်းခြင်း၊ စိမ်းလန်းသော အခြေခ ံအဆောက်အဦး ဖွံ့ဖြိုးမှုမြှင့်တင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို စုပေါင်းအင်အားဖြင့် တုံ့ပြန်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့် စီးပွားရေးအသွင်ကူးပြောင်းခြင်း စသည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

 

ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံ၌ “မည်သူတစ်ဉီး တစ်ယောက်မျှ မကျန်ရှိစေရေးမူ” နှင့်အညီ အစီအမံများချမှတ်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် အဆိုပါရောဂါ၏ စီးပွားရေးအပေါ်သက်ရောက်မှုများကို တုံ့ပြန်လျက်ရှိမှုကို ရှင်းလင်းပြော ကြားခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ခွဲဝေမှုစနစ်သည်  မျှတပြီးပွင့်လင်းမြင်သာရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးမှု အနည်းဆုံးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေးများရရှိရေးအတွက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများအနေဖြင့် တတ်နိုင်သရွေ့ နည်းလမ်းများဖြင့် ဘဏ္ဍာငွေထောက်ပံ့မှုများ ပြုလုပ်စေလိုကြောင်း အလေးထားတိုက်တွန်းခဲ့သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် အကူအညီ အထောက် အပံ့များ ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိမ်းရောင် ပိုးလမ်းမ (Green Silk Road) ဖော်ဆောင်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၂၀၃၀ အာဂျင်ဒါနှင့်အညီ နိုင်ငံအတွင်း ရေရှည် ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင်စီးပွားရေး ဖော်ဆောင်နေမှု အခြေအနေများကို မျှဝေခဲ့ ပါသည်။ ထို့အပြင် ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင်ပိုးလမ်းမတစ်ရပ် တည်ထောင်နိုင်ရေး အတွက် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆက်လက်ဖော်ဆောင်ရန်၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် တိုက်တွန်း ပြောကြားခဲ့သည်။

 

ညီလာခံသို့ တက်ရောက်လာသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရပ်ဝန်းနှင့် ပိုးလမ်းမ မိတ်ဖက်နိုင်ငံများ၏ ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်နှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုး တက်မှုအတွက် ရပ်ဝန်းနှင့်ပိုးလမ်းမ မိတ်ဖက်နိုင်ငံများ၏ ဦးဆောင် ဦးရွက်ပြုမှု အစီအစဉ်တို့ကို ပူးတွဲထုတ်ပြန်ခဲ့ကြသည်။

 

အဆိုပါ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)