နေပြည်တော် ဇွန် ၂၃
(၉) ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) သို့ တက်ရောက်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu က ဇွန် ၂၂ ရက် ညနေပိုင်းတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
အပြန်အလှန်မိတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူ၍ ဂုဏ်ပြု တပ်ဖွဲ့အား စစ်ဆေးသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက်ပေးကြသည်။
အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ရုရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး တို့တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးနှင့် အတူ ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးနှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ရုရှား နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လေ့ကျင့်ရေးဆောင်ရွက်မှုများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အပြန်အလှန်ပေးအပ်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးတို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်