နေပြည်တော် ဇွန် ၂၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဇွန် ၂၂ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းနေရာ၊ ဗိုလ်မြတ်ထွန်းတံတားရေလမ်းကောင်းမွန်ရေး လုပ်ငန်းနေရာ၊ ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ် ရေလမ်း ကောင်းမွန်ရေး လုပ်ငန်းနေရာနှင့် ဟင်္သာတဘူတာတို့ကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းနေရာသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က နှစ်အလိုက် ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို မေးမြန်း၍လိုအပ်သည်များ မှာကြားကာ မြစ်ကမ်း ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၈ နာရီတွင် ဗိုလ်မြတ်ထွန်း တံတား ရေလမ်းကောင်းမွန်ရေး လုပ်ငန်းနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက ၂၀၀၂ ခုနှစ်မှ စတင်၍ ဗိုလ်မြတ်ထွန်း တံတားရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် တံတားကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရမှုများနှင့် ဆက်လက်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များမှာကြားကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ညောင်တုန်း တံတား အောက်ရေလမ်း ကောင်းမွန်ရေး လုပ်ငန်း ဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာ ဧရာဝတီမြစ် ကမ်းထိန်းလုပ်ငန်းနေရာသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ တာဝန်ရှိသူက မြစ်အတွင်း သောင်တူးခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ရေလမ်းကြောင်းကောင်းမွန်ရေး ဖြတ်မြောင်းတူးဖော်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို မေးမြန်း၍ လိုအပ် သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတဘူတာတွင် ဝန်ကြီးဌာနလက်အောက်ရှိ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာ့စာတိုက် လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနသည်ပြည်သူများ၏ သွားလာမှုအဆင်ပြေ စေရေး နှင့်နိုင်ငံအခွန်ဘဏ္ဍာရရှိရေးတို့ကို ဆောင်ရွက်ပေးနေရသည့် အဖွဲ့အစည်းများဖြစ်၍ လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်မြင့်မားစွာဖြင့် မိမိလုပ်ငန်းတာဝန်များ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ဌာနအကြီးအကဲများအနေဖြင့်လည်း ဝန်ထမ်းများ၏ လိုအပ် ချက် အခက်အခဲများအပေါ် ဖြေရှင်း ဆောင်ရွက် ပေးသွားရန် မှာကြားခဲ့ပြီး ဌာနများမှ အရာထမ်း၊ အမှုထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ဟင်္သာတဘူတာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)