Skip to main content

အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၁) ကျင်းပ

နေပြည်တော် ဇွန် ၂၃

မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးချစ်နိုင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ ညွန့်ဖေနှင့် ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးကျော်မျိုးထွဋ်နှင့် ဦးအောင်ကျော်ထွန်း၊ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌက ဗဟိုအဖွဲ့ အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ဥပဒေနှင့်အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်မှု၊ ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုတိုက်ဖျက်ရေးမဟာဗျူဟာတွင် ဖော်ပြထားသည့် ကဏ္ဍ ၄ ရပ်နှင့်အညီ ဆောင်ရွက်ထားမှု၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှု ဖြစ်စဉ် များနှင့်စပ်လျဉ်း၍ ခိုင်မာအားကောင်းသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ၊ ဆက်လက်တိုးမြှင့် ဆောင်ရွက်ရန်များကို ဆွေးနွေးပြောကြားသည်။

ထို့ပြင် အကြမ်းဖက်အုပ်စုနှင့် ယင်းတို့က ဖွဲ့စည်းထားသည့် လက်အောက်ခံအဖွဲ့များက စာသင် ကျောင်းများ၊ နိုင်ငံပိုင်အဆောက်အဦများ၊ ဈေးများ၊ စက်ရုံ/အလုပ်ရုံများနှင့် ရဲစခန်းများကို မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ရပ်/ကျေးနှင့် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများကို ရက်စက်စွာ သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အုပ်စုဖွဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများကို ခြိမ်းခြောက်အကျပ်ကိုင်ခြင်းစသည့် အကြမ်းဖက်မှုများကို ဦးစီးလှုံ့ဆော် ဆောင်ရွက် နေသူများနှင့် အကြမ်းဖက်သမားများကို  စုံစမ်းဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ  အရေးယူနိုင်ရေး၊ အကြမ်းဖက်လုပ်ဆောင်နေမှုများကို အစိုးရနှင့် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေသည်ဟု Facebook နှင့် Internet Websites များတွင် သတင်းမှားများ ထုတ်လွှင့်နေခြင်း၊ ပြည်ပမီဒီယာများနှင့် ချိတ်ဆက်၍ ပြည်သူများအထင်အမြင် လွဲမှားစေရန် သတင်းမှားများထုတ်ပြန်၍ လှုံ့ဆော်နေမှုများအား တိုက်ဖျက်၍ ဖြစ်ရပ်မှန်၊ သတင်း အမှန်များကို အထောက်အထားခိုင်လုံစွာဖြင့် ပြည်သူများသို့ ချပြအသိပညာပေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက် သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အုပ်စုဖွဲ့ ဆန္ဒပြမှုများမှ စတင်၍ ဆူပူအကြမ်းဖက်မှုများ၊ အဓိကရုဏ်းများ ဖန်တီးလုပ်ဆောင်လာပြီး မီးရှို့/လုယက်မှုများနှင့် မိုင်းထောင်မှုများ၊ သတ်ဖြတ်မှုများအထိ အရှိန်မြှင့်အကြမ်းဖက်လာမှု၊ ရပ်/ကျေးနှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးစနစ် ပျက်ပြား၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မြင့်မားလာပြီး ၎င်းတို့ကို ထောက်ခံ ပူးပေါင်းပါဝင်လာစေရန် လုပ်ဆောင်နေသည့် အခြေအနေ၊ မီးလောင်ပျက်စီးမှု၊ သေဆုံးမှု၊ သတ်ဖြတ်ခံရသည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်က အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်နှင့် တာဝန်ရှိသူများက အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည်ဖော် နိုင်ရေး၊ ပြည်သူများ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ အပြစ်မဲ့ပြည်သူများကို အစွန်းရောက်မှုများ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အယူဝါဒစွဲများ ဖြစ်ပေါ်အောင် စည်းရုံးလှုံ့ဆော်မှုများ၊ အဓမ္မဝါဒကို လက်ခံယုံကြည်လုပ်ဆောင် လာအောင် ဝါဒဖြန့်နေမှုများနှင့်စပ်လျဉ်း၍ ပညာပေးရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်တို့ကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ၌ လက်ရှိအကြမ်းဖက်အုပ်စုဟု ထုတ်ပြန်ကြေညာထားသည့် နယ်မြေအပိုင်စီးရယူလိုမှုကြောင့် နိုင်ငံတကာအကြမ်းဖက်အုပ်စုများနှင့် ချိတ်ဆက်၍ ပြည်ပနိုင်ငံ အခြေပြုပြီး ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ခိုက်နေသည့် ARSA အစွန်းရောက် အကြမ်းဖက် အုပ်စုနှင့် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ဆောင်ရွက်နေပြီး အစိုးရဟု အမည်ခံထားသည့် CRPH, NUG ယင်းတို့၏ လက်အောက်ခံ PDF နှင့် အဖွဲ့အစည်းများက အကြမ်းဖက်လုပ်ဆောင် နေမှုများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရှိန်အဟုန်မြှင့် တိုက်ဖျက်သွားရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒဖြစ်သော လူ့အဖွဲ့အစည်းအတွင်းတွင် ကွဲပြားစေမည့် အခြေခံအကြောင်းအရာများကို စနစ်တကျ စိစစ်ဖော်ထုတ်ပြီး ကာကွယ်တားဆီးနိုင်ရေးအတွက် အစွန်းရောက်မှုများနှင့် အကြမ်းဖက်မှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)