နေပြည်တော် ဇွန် ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ဇွန် ၁၄ ရက် နံနက် ပိုင်းတွင် လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီး ဝန်ထမ်းများအား အမှာစကားပြောကြား၍ ဝန်ထမ်း များအတွက် တူညီဝတ်စုံများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်လုံမြို့ ကိုးနဝင်းစေတီတော်မြတ် ကြီးနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၆ ရွာ အတွက် လျှပ်စစ်သွယ်တန်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဓါတ်အားလိုင်းနှင့် ထရန်စဖော်မာများ ဆောလျင်စွာ တပ်ဆင်ပြီးစီးရေး၊ လျှပ်စစ်ဓါတ်အား ရရှိချိန် တွင် နေအိမ်များ၌ လျှပ်စစ်မီတာများ အသင့် တပ်ဆင်ပြီး မြန်မြန်ဆန်ဆန်အသုံးပြုနိုင်ရေး သက်ဆိုင် ရာ ဌာန တာဝန်ခံများနှင့် ဒေသခံပြည်သူလူထုများ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်း ကျောင်း(ပင်လုံ) သင်တန်းခန်းမ၌ သင်တန်းကျောင်းမှ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ အမှာစကား ပြောကြား၍ ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၁၅ ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အတူ ပင်းတယမြို့နယ်အတွင်းရှိ ကုန်းသာ-ပဲယင်းတောင် ၂ မိုင် ကျောက်လမ်းခင်းခြင်း၊ ရှောက်ချို-ကုန်းသာ-တာတိုင် ကျေးရွာချင်းဆက် ၂ မိုင် ကတ္တရာ လမ်းခင်းခြင်း၊ အိမ်ပု-ကျောက်ပုလ္လင် ၁ မိုင်ကတ္တရာလမ်းခင်းခြင်း၊ အင်လုံ-သိမ်ကုန်း ၁ မိုင် ၂ ဖာလုံ မြေသားလမ်းဖောက်လုပ်ခြင်း၊ ညောင်ကောက်-သိမ်ကုန်း- တပ်ကြီး ၄ ဖာလုံ ကျောက်ခင်း ခြင်း၊ ညောင်ကောက်-ဖက်နံ-သိမ်ကုန်း-တပ်ကြီးလမ်း ၁ မိုင် ကတ္တရာ ခင်းခြင်း လုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပင်းတယ)၌ ကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေး အပ်ကာ ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (ပင်းတယ)ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကြာမီဖွင့်လှစ်ရန် အသင့်ပြင်ဆင်ထားရှိသော နယ်စပ်ဒေသ တိုင်းရင်း သားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)၌ သင်တန်းများကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ဖွင့်လှစ်သင်ကြား နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး သင်တန်းကျောင်းဝန်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လောင်း) သို့ရောက်ရှိပြီး သင်တန်းကျောင်း ကျောင်းအုပ်၏ ရှင်းလင်း တင်ပြမှု အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပြောကြားခဲ့ပြီး ကျောင်း သား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)