နေပြည်တော် ဇွန် ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးလှဦးနှင့်အတူ ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံးသို့ ရောက်ရှိပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးမှ အုပ်ချုပ်မှုဆိုင်ရာနှင့် ရှမ်းပြည်နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများအတွက် တူညီဝတ်စုံများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ ပေးအပ်၍ ဝန်ထမ်း အိမ်ရာများနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ရောက်ရှိပြီး အဆိုပါရုံးခန်းမတွင်ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေကြသော ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား၍ သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အတူ ဟိုပုံးမြို့နယ်အတွင်းရှိ နမ့်ပေါ်ဟွန်း-သက်သာ- ပုံချောင်လမ်း ၁ မိုင် ၄ ဖာလုံ ကတ္တရာလမ်းကိုလည်းကောင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဖာမွန်းကျေးရွာအဝင် ကတ္တရာလမ်း ၁ မိုင် ၆ ဖာလုံ ဆောင်ရွက် ထားရှိမှုကိုလည်းကောင်း၊ ပုံးပြွန်း-နမ့်ကွတ်-မုံထ-ဟိုတကောင် (ဟိုတပ်) မြေလမ်း ၇ မိုင် ၄ ဖာလုံတွင် ပေ ၂၀ ကွန်ကရစ် တံတား ၁ စင်း၊ ၁၀ ပေ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ပြီးစီး မှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၃ ရက်တွင် ဆီဆိုင်မြို့နယ်၊ ကျားတောင်-ကောင်းပန်းတန်း ကတ္တရာ လမ်း ၁ မိုင်၊ လပ်တိုင်-ပင်အွန်ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ ကောင်းမှုဗွာ-လိုက်ဟန်းနား-လိုက်ပေး ကျောက်လမ်း ၁ မိုင် ၄ ဖာလုံ၊ မီးသွေးကုန်း-ဖာလိုင် ဗြုန်းရောမြေသားလမ်း ၅ မိုင် ခင်းခြင်း၊ လွှယ်ထဲ-ထီးရီး-မီးရဲ-တောရ ကျောက်ချောလမ်း ၁ မိုင် ၄ ဖာလုံဖောက်လုပ်ခြင်း လုပ်ငန်းများသို့ ရောက်ရှိပြီး လုပ်ငန်းခွင်အလိုက် သက်ဆိုင်ရာ တာဝန်ခံအင်ဂျင်နီယာများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားကာ အဆိုပါ လမ်း/တံတား လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၃ ရက်တွင် ကျင်းပသော ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်-လိုက်ပေး-ဘန်းနောင်ကား ၁ မိုင် ၄ ဖာလုံကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အခြေခံပညာအလယ်တန်းကျောင်းခွဲ (ပင်လုံခ) ရှိ ကျောင်းသား/ကျောင်းသူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သည့် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို အဆိုပါကျောင်းအုပ်ကြီးထံ ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး လှဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူတို့နှင့်အတူ လမ်းပိုင်းအား ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆိုက်ခေါင်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း တို့သို့သွားရောက်၍ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူ များနှင့်တွေ့ဆုံ အမှာစကား ပြောကြားပြီး ကျောင်းသား/ကျောင်းသူများအတွက် ကျောင်း ဝတ်စုံ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းဝန်း အတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် သင်တန်းခန်းမများကို လိုက်လံကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)