ကမ္ဘာတစ်ဝန်းတွင် ကလေးလုပ်သားအရေအတွက် သန်း ၁၆ဝ အထိ မြင့်တက်လာသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သန်းနှင့်ချီသည့် ကလေးများအတွက် ပိုမိုအန္တရာယ်ရှိလာသည်ဟု အိုင်အယ်လ်အိုနှင့် ယူနီဆက်ဖ်တို့၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။
ကလေးများ အလုပ်သမားဘဝသို့ ရောက်ကြရခြင်းမှာ ဆင်းရဲ နွမ်းပါးခြင်းဟူသော အခြေခံ အကြောင်းတရားက အဓိကဖြစ်သည်။ ဆင်းရဲသည့် မိသားစုတစ်စုတွင် ဝင်ငွေ၏ လေးပုံတစ်ပုံ သို့မဟုတ် ထက်ဝက်နီးပါးခန့်ကို အရွယ်မရောက်သေးသူ ကလေးများက ရှာဖွေ ပေးကြခြင်း ဖြစ်ပြီး တစ်ခါတစ်ရံတွင် ကလေးငယ်တစ်ဦး၏ ဝင်ငွေ ကသာ ပုံမှန်ဝင်ငွေဖြစ်နေတတ်သည်။ မိဘများကိုယ်တိုင်က ငယ်ငယ် ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်ပြိုကွဲခဲ့ခြင်း၊ ဆင်းရဲ နွမ်းပါးပြီး အသိဉာဏ်နည်းပါးခြင်း၊ ဖခင်ရောမိခင်ပါ သို့မဟုတ် တစ်ဦးဦး မူးယစ်ဆေး၊ အရက်တို့စွဲနေခြင်း၊ မိဘနှစ်ပါး ကျန်းမာရေးချို့ယွင်း နေခြင်းစသည့်အကြောင်းများကြောင့် ပညာသင်ကြားရမည့်အရွယ် ကလေးငယ်များမှာ မိသားစုအတွက် ဝင်ငွေရှာဖွေကြရသည်။
ကလေးလုပ်သားများမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ယာဉ် စက်ပြင်လုပ်ငန်း၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၊ ရေလုပ်ငန်းနှင့် ဆက်စပ်သည့် ငါး၊ ပုစွန် ရွေးချယ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး အကူလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊ အိမ်အကူလုပ်ငန်းများ စသည်တို့တွင် ဝင်ရောက်လုပ်ကိုင် နေကြသည်။ လုပ်ငန်းရှင်များအနေဖြင့် ကလေးလုပ်သားများကို ခိုင်းစေရာတွင် လုပ်ခလစာနည်းနည်းသာ ပေးရခြင်း၊ အုပ်ချုပ်ရ လွယ်ကူခြင်း၊ အလွယ်တကူ အမြတ် ထုတ်နိုင်ခြင်း စသည့်အချက်များက အားသာချက်များ ဖြစ်သည်။ ကလေးလုပ်သားများတွင် မိသားစု၏လုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်နေကြရသည့် ကလေး များလည်း အပါအဝင် ဖြစ်သည်။ ၂၀၁၂ ခုနှစ် စစ်တမ်းတစ်ရပ်အရ ကမ္ဘာ့နိုင်ငံပေါင်း ၇၆ နိုင်ငံတွင် ကလေးလုပ်သား ပြဿနာကြီးမား နေပြီး ထိပ်တန်း ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံကိုပါ ထည့်သွင်းဖော်ပြ ထားသည်။
ပညာသင်ကြားရမည့် အရွယ်ကလေးများ ကျောင်းသို့မရောက်ဘဲ ဝင်ငွေရှာ အလုပ်ခွင်သို့ရောက်ရှိသွားကြရခြင်းတွင် အရည်အသွေးမီ ပညာရေးအကောင်အထည်ဖော်နိုင်စွမ်း နည်းပါးခြင်း၊ ကျောင်းများ အလွန်ဝေးကွာသောအရပ်တွင်သာ တည်ရှိနေခြင်း၊ အစိုးရ၏ စီးပွား ရေးမူဝါဒ အားနည်းချက်ရှိခြင်းတို့က အခြေခံအကြောင်းများတွင် ပါဝင်သည်။ လက်နက်ကိုင်ပဋိပက္ခများ၊ သဘာဝအန္တရာယ်များက လည်း လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲနွမ်းပါးမှုကို မြင့်တက်စေကာ အကျိုးဆက်အဖြစ် ကလေးလုပ်သားဦးရေ များပြားလာစေသည်။ ၂၀၁၅ ခုနှစ် လုပ်သားအင်အား စစ်တမ်းအရ မြန်မာနိုင်ငံတွင် ကလေး လုပ်သား ၁ ဒသမ ၁ သန်း ရှိနေပြီး ယင်းတို့အနက်မှ ခြောက်သိန်း ကျော်မှာ အကာအကွယ်ပေးရန် လိုအပ်လျက်ရှိသည်ဟု သိရသည်။
ဆင်းရဲနွမ်းပါးမှုကြောင့် ငယ်ဘဝတွင် ပညာမသင်နိုင်ဘဲ အလုပ် လုပ်ကြရသည့်အခါဝင်ငွေနည်း၍ နိမ့်ကျသောအလုပ်ကိုသာ လုပ်ကြ ရသည်။ အရွယ်ရောက်လာသည့်အခါတွင်လည်း ပညာမတတ်ခြင်း
ကြောင့် လည်းကောင်း၊ ကျွမ်းကျင်လုပ်သားမဟုတ်ခြင်းကြောင့် လည်းကောင်း ဝင်ငွေနည်းကြရသည်။ ဤသို့ဖြင့် ဆင်းရဲသံသရာ လည်ကြရပြီး တစ်ဦးချင်းအတွက်ရော နိုင်ငံအတွက်ပါ ဆုံးရှုံးနစ်နာ ရသည်ဖြစ်ရာ ကလေးလုပ်သားပြဿနာကို လျစ်လျူရှုထား၍မရ
ကြောင်း တွေ့ရသည်။ မသင်မနေရ အခမဲ့ပညာရေးစနစ်တွင် ကလေး များ စာသင်ခန်းသို့ မဖြစ်မနေ ရောက်ရှိလာရေး၊ ကျောင်းထွက်နှုန်း များ လျော့ကျစေရေး၊ သက်မွေးဝမ်းကျောင်း ပညာရေးနှင့် ကျောင်းပြင်ပပညာရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဖော်ဆောင်ပေးရေး၊ နိုင်ငံတော်အဆင့် စီးပွားရေးမူဝါဒ ချမှတ်၍ ဆင်းရဲနွမ်းပါးမှု လျော့ကျ စေရေးတို့ကို နိုင်ငံတော်က ဖော်ဆောင် ပေးသကဲ့သို့ တစ်မိသားစုချင်း၊ တစ်ဦးချင်းတို့ကလည်း ခွန်စိုက် အားစိုက် ကြိုးပမ်းအားထုတ်ကြရမည်သာ ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်