Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇွန် ၉ ရုရှား- မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာဘက်မှ ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ပူးတွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာ ပူးတွဲကော်မရှင် ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပူးတွဲကော်မရှင်၏ အတွင်းရေးမှူးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင် က ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ရေးဆွဲထား ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ရုရှား-မြန်မာ နှစ်နိုင်ငံအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် အစည်းအဝေးကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍစီးပွားရေး တွေ့ဆုံညှိနှိုင်းမှုအစီအစဉ် ကျင်းပရေးကိစ္စရပ်များကို လည်းကောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာရေးဆွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးသည်။ (သတင်းစဉ်)