နေပြည်တော် ဇွန် ၉ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဥတ္တရ သီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (ကွမ်းခြံစု)၊ အခြေခံပညာအထက်တန်း ကျောင်း(မင်းကုန်း)၊ အခြေခံပညာအထက်တန်းကျောင်း(ငန်းစပ်)နှင့် အခြေခံပညာအလယ် တန်းကျောင်း (ရွှေနံ့သာ)ကျောင်းများသို့ သွားရောက်၍ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြား သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ လိုက်နာ ကျင့်သုံးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းတက်စဉ်ကာလအတွင်း အခက်အခဲများရှိပါက ဆရာဆရာမများထံ သတင်းပို့ တင်ပြလျှင် လိုအပ်ချက်များ အမြန်ဆုံးဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့်လည်း ကျောင်းသား ကျောင်းသူ များအား မည်သည့်ခွဲခြားမှုမျှ မရှိစေဘဲ ပညာသင်ယူမှုအခွင့်အလမ်းများ တူညီစွာရရှိစေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ကျောင်းပတ်ဝန်းကျင် လုံခြုံရေး၊ သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန် ရေးအတွက် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်း၏ လိုအပ်ချက်များကို တင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန်ဖြည့်ဆည်း ဆောင်ရွက်စေလိုပါ ကြောင်း၊ သင်ကြားရေးနှင့်စီမံခန့်ခွဲရေး အရည်အသွေးတိုးတက် ကောင်းမွန်ရန် အမြဲကြိုး စားဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အားထားရမည့် ပညာတတ်ပြီး ယဉ်ကျေးလိမ္မာသည့် လူတော်လူကောင်းများဖြစ်အောင် ပြုစုပျိုးထောင် ပေးကြစေလိုပါကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ကျေးရွာရပ်ကွက်များမှ ရပ်မိရပ်ဖများ၊ နယ်မြေခံတပ်မှ လုံခြုံရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်ကြောင်း အားပေးစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှု၍ ကျောင်းခြံစည်းရိုး၊ မြေထိန်းနံရံ၊ စာသင်ဆောင်၊ စာသင်ခုံ၊ မျက်နှာကြက်၊ ရေစင်၊ ရေသန့်စက်များ၊ ဆရာဆရာမဝန်ထမ်းအိမ်ရာစသည့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင် ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)