နေပြည်တော် ဇွန် ၉ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး များဖြစ်သည့် ဦးအေးထွန်း၊ ဦးထွန်းအုံတို့နှင့်အတူ ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာဇနကဗိမာန်နှင့် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတို့၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညိုသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့၊ ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီး၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၁၀ သိန်းကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်များအား ပြည်ထောင်စု ဝန်ကြီးက ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်စာရင်းတို့ကို ဇူလိုင်လ တတိယပတ်၊ ဝါမဆိုမီကာလအတွင်း ထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထား သည်။ ယင်းနောက် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား လှည့်လည်ဖူးမြော် ကြည်ညိုသည်။ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဓမ္မာစရိယစာဖြေဌာန ၅၉ ဌာနတို့တွင် ဇွန် ၁ ရက်မှ ၉ ရက်အထိ ၉ ရက်တိုင်တိုင် ကျင်းပလျက်ရှိပြီး ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ပါဠိပထမပြန်စာဖြေဌာန ၂၄၁ ဌာနတို့တွင် ဇွန် ၇ ရက်မှ ၁၃ ရက်အထိ ၇ ရက်တိုင်တိုင် ကျင်းပလျက်ရှိသည်။ ယနေ့ကျင်းပသော ၂၀၂၁ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းစာဖြေဌာန၌ စာဖြေသံဃာတော် ၁၆၅ ပါးနှင့် သီလရှင် ၂၁ ပါး၊ စုစုပေါင်း ၁၈၆ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)