နွယ်ဂျာသိုင်း
(၇-၆-၂၀၂၁ မှ အဆက်)
-၂“ထိုးမုန့်၊ လမုန့်လောက်နဲ့တော့ မကောင်းပါဘူး မမရာ။ ကျွန်တော့်အနေနဲ့ ပစ္စည်းတစ်ခု ဝယ်ပေး လိုက်ပါဦးမယ် ” ၊
မေလ ကျောင်းပြန်အဖွင့် ရန်ကုန်ပြန်ခါနီးတွင် သက်သက် အလုပ်များနေသလို သက်သက်၏ မောင်လေး ကျော်ကျော်ကလည်း စာရင်းရှုပ်နေ၏။ “မမ ရန်ကုန်ပြန်ရင် ဆရာမကြီးတို့အိမ်အတွက် ဘာဝယ်သွားဦးမှာလဲ ”ဆိုသောအမေးကိုသက်သက် က လွယ်လင့်တကူပင်“စစ်ကိုင်း၊ မန္တလေးကနေ ရန်ကုန်ပြန်ရင် ဝယ်နေ ကျ ထုံးစံအတိုင်း ထိုးမုန့်လေး၊ လမုန့်လေးဝယ်သွား တာပေါ့ဟာ”ဟုပြောမိသည့်အတွက်ကျော်ကျော်က မကျေမနပ်ဖြင့် ထပြောခြင်းဖြစ်သည်။ သက်သက် က ရယ်၍ “မုန့်လောက်တင် မဟုတ်ပါဘူး ကျော်ကျော်ရ။ မမဦးဖို့ သနပ်ခါးတုံးတွေ ဘာတွေလည်း ငါဝယ် သွားဦးမှာပါ။ အဲဒီလောက်ဆို ရပါတယ်။ ဘာမှ မဝယ်ပါနဲ့တော့..”
ကျော်ကျော်က လက်မခံ။ ခေါင်းခါရင်း .. “ဟာ မလုပ်ပါနဲ့ မမကလည်း။ ကိုယ့်ဘက်က လျော့တိ လျော့ရဲလုပ်ရင် ဟိုဘက်ကလည်း ကိုယ့်ကိုလျော့တိ လျော့ရဲဖြစ်သွားမှာပေါ့။ မမ အသာနေစမ်းပါ။ ကျွန်တော့်ကိစ္စ ကျွန်တော်ကြည့်လုပ်ပေးမယ်။ ကျွန်တော်ဝယ်ပေးတာ မမယူသွားပေးဖို့ တာဝန် ယူ၊ ဟိုကျရင် ကျွန်တော်က ကျေးဇူးတင်လွန်းလို့ ဝယ်ပေးလိုက်တာလို့ပဲ ပြောပေး” သက်သက် မျက်လုံးပင့်၍ “ဟဲ့... နင်က ကျေးဇူးတင်ရအောင် ဟိုက လုပ် ပေးတယ်၊ လုပ်မပေးတယ် နင်က ဘယ်လိုလုပ်သိ လို့လဲ။ နင်ဖြေတာ မဟုတ်ရင် ဘယ်လိုမှ လုပ်ရမှာ မဟုတ်ဘူးနော် ကျော်ကျော်” “ဟာ.. မမကလဲ။ ဒါမျိုးကျတော့ အရမ်း“အ”တာ ပဲဗျာ။ ကျွန်တော့်ဘက်က ဒီလို ကြိုမပြောလိုက်ရင် သူတို့ လုပ်မပေးချင်လို့ကို မရတော့ဘူးဗျ။ ဒီပစ္စည်း တွေကြည့်ပြီး အလိုလိုမျက်နှာပူမနေရအောင် သူတို့ တတ်နိုင်သလောက်တော့သူတို့လုပ်ပေးတော့မှာ..” “ဘယ်လိုမှ ပြောရမည့်ပုံ မပေါ်တော့သဖြင့် သက်သက် တစ်လုံးချင်း လိုက်မငြင်းတော့။ ဘာပဲ ဖြစ်ဖြစ် လောလောဆယ် ကလေးစိတ်ချမ်းသာဖို့ အရေးကြီးသည်ဟု တွေးပြီး
“ကဲလေ.. ဒါကလည်း ကျော်ကျော်သဘောပေါ့။ နင် ဝယ်ပေးချင်တာသာ ဝယ်ပေးလိုက်ပါ။ သွားပေးဖို့ နဲ့ ပြောဖို့က ငါ့တာဝန်ပဲဟာ ” သက်သက်ထံမှ ထိုစကားရပြီးသည်နှင့် ကျော်ကျော်ပျော်သွားသည်။ နေ့လယ်လောက်ကျမှ ပြန်ရောက်လာ၍ လက်ထဲမှာလည်း အလုပ်နှစ်ထုပ် ပါလာသည်။
“ကျွန်တော် မနက်က မန္တလေးသွားတာ မမ။ လိုချင်တဲ့ပစ္စည်းတွေ ရခဲ့ပြီ။ ဒါက ဆရာမကြီး အတွက် ချိတ်လုံချည်တစ်ထည်၊ ဒါက ဆရာမကြီး ယောက်ျားအတွက် ပလေကတ်” သက်သက် မျက်လုံးပြူးသွားသည်။ “ဟယ်.. များလှချည်လား ကျော်ကျော်။ ဘယ် လောက်တောင် ကျသွားလဲ” “ ဘယ်လောက်ကျကျ အရေးမကြီးပါဘူးဗျာ။
အဆင်လည်းပြေ၊ အသုံးလည်းဝင်မယ့်ပစ္စည်းရဖို့ ကအရေးကြီးတယ်။ ဆရာမကြီးယောက်ျားအတွက် တော့ အမှန်က ရခိုင်လုံချည် ဝယ်ပေးချင်တာ၊ လူကြီးဆိုတော့ ပလေကတ်နဲ့ ပိုကောင်းလို့ ” သက်သက် ရယ်နေသည်။
“မမဦး အမျိုးသားက ဘယ်အရွယ်ထင်လို့လဲ ကျော်ကျော်”
“ဟာ... ကျောင်းအုပ်ဆရာမကြီး ယောက်ျားဆို တော့ အသက်ငါးဆယ်ကျော်တော့ ရှိမှာပေါ့” “ အေး... အဲဒီကတည်းက နင်လွဲပြီ။ မမဦး အမျိုးသား ကိုနိုင်လင်းက အခုမှ သုံးဆယ့်သုံး၊ သုံးဆယ့်လေးလောက်ပဲ ရှိဦးမယ် သိရဲ့လား.....”
“ဟောဗျာ.. ဆရာမကြီးကအသက်ဘယ်လောက် မို့လို့လဲ” “ မမဦးက လေးဆယ့်နှစ်၊ လေးဆယ့်သုံးလောက် “ ဟင် .. အဲဒါ ဘယ်လိုဖြစ်တာလဲ ” သက်သက် ရယ်၍
“ဘယ်လိုဖြစ်ရတာလဲဟ။ သူ့ဟာသူ ဖြစ်ချင် သလို ဖြစ်တာပေါ့။ ကဲပါ ထားလိုက်ပါတော့။
ရှိပြီ ပလေကတ်လည်း ကောင်းတာပဲ။ အခုခေတ်မှာ လူငယ်တွေတော်တော်များများ ပလေကတ် ဝတ် နေတာပဲ။ ပြီးပြီ နှင့်စာရင်းပိတ်လိုက်တော့၊ အဲဒါ တွေသေချာထုပ်ပြီးတာနဲ့ ငါ့ကိုပေးထား။တော်ကြာ မေ့ကျန်ခဲ့ဦးမယ် ”
သက်သက် စကားပြောင်းသည့်တိုင် ကျော်ကျော် စိတ်ဝင်စားမှုက ပျောက်မသွား။ မျက်ခုံးပင့် နှုတ်ခမ်းမဲ့လျက် ခေါင်းညိတ်ရင်း...
“ ဆရာမကြီးယောက်ျားက ဆရာမကြီးထက် ဆယ်နှစ်လောက်ငယ်တယ်နော်။ ဘယ်လိုလုပ်ရ ကြလဲ မပြောတတ်ဘူး”
သက်သက် မ။ စိတ်ထဲမှာ ပြုံးနားထောင်လျက်။ သည်အကြောင်း တွေ ခင်မြင့်ဆွေနှင့် ပြောခဲ့စဉ်က သူအံ့သြခဲ့ရသည် များကို ပြန်အမှတ်ရမိ၏။
XXXXX မမဦးတို့အိမ်မှ အဆောင်ပြန်ရောက်သည်နှင့် သက်သက် မနေနိုင်၊ အပေါ်အင်္ကျီကိုချွတ်၍ အတွင်း အင်္ကျီနှင့်သာဖြစ်နေသော ခင်မြင့်ဆွေကို လှမ်းပြီး
“မမဆွေ အဆောင်ကျရင် ပြောမယ်ဆိုတာလေ။ သက်သက် နားထောင်ချင်လို့” ခင်မြင့်ဆွေက အတွင်းခံအင်္ကျီနောက်ကျောချိတ် ကို လက်ဖြင့် စမ်း၍ ဖြုတ်ရင်း ... “ပြောမှာပေါ့ သက်သက်ရာ၊ နေစမ်းပါဦး။ ဒီမှာ ဘော်လီအင်္ကျီချိတ်တောင် ဖြုတ်လို့မရတဲ့ကြားက ဘယ်လိုလုပ် ပြောရမလဲ”
သက်သက် ထသွား၍ နောက်ကျောချိတ်ကို ဖြုတ်လိုက်ရင်း..... ။ “ကဲ.. ဖြုတ်လို့ရပြီး ပြောတော့..” ခင်မြင့်ဆွေက လုံချည် ရင်တင်ထားလျက်နှင့်
“ဘယ်လိုဖြစ်ရတာတုံး သက်သက်၊ ဘာဖြစ်လို့ ဒီလောက်စိတ်ဝင်စားနေရတာတုန်း၊ သူများ လင် မယားကိစ္စ ကိုယ်နဲ့လည်း မဆိုင်ဘဲနဲ့”
သက်သက် ရယ်သည်။ ။ “ဆိုင်တော့ မဆိုင်ဘူးပေါ့ မမဆွေရာ။ ဒါပေမဲ့ သိချင်တာပေါ့။ ဘယ်လိုလုပ်ပြီး မမဦးယောက်ျားက ဆယ်နှစ်ငယ်နေရတာလဲ ” ခင်မြင့်ဆွေကလည်း ရယ်သည်။
“ ငယ်မှာပေါ့။ ကိုနိုင်လင်းက ဆယ်တန်းတုန်းက တာ...”
တပည့်ပဲဟာ။ အဲဒီတုန်းက မမဦးကလည်း ကျောင်း အုပ် မဖြစ်မသေးဘူး။ အထက်တန်းပြ ဆရာမပဲရှိ သေးတယ်။ ဆရာမ အပျိုကြီး ချောချောပေါ့” “ ဒါဖြင့် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်တော့ မည် ဇာတ်လမ်းပေါ့”
“ ဟုတ်တယ်။ ဒါပေမဲ့ ကိုနိုင်လင်း ဆယ်တန်း မအောင်ခင်အထိတော့ ဘာမှမဖြစ်ကြပါဘူး။ ကြိုက် တာက ကိုနိုင်လင်း တက္ကသိုလ်ရောက်မှ ကြိုက် “ဘယ်လိုလုပ် ကြိုက်ကြတာလဲ ” “ကိုနိုင်လင်းက တပည့်ထဲမှာ ခပ်ဆိုးဆိုးလေ သက်သက်ရဲ့။ မိဘကလည်း ချမ်းသာတယ်။ သား ကလည်း တစ်ယောက်တည်းဆိုတော့ အရမ်းလည်း အလိုလိုက်တယ်။ ကျောင်းမှာ စာသင်ရခက်တဲ့ တပည့်မျိုးပဲ။ ဒါပေမဲ့ မမဦးကိုကျတော့ ကိုနိုင်လင်း က အဲဒီကတည်းက တစ်မျိုးဖြစ်ချင်ဖြစ်နေမှာပေါ့။ မမဦး စကားကျတော့ ကိုနိုင်လင်းက နားထောင် တယ်။ ကိုနိုင်လင်း ဆယ်တန်းအောင်တာလည်း မမဦး ဆူနိုင်၊ ကြိမ်းနိုင်လွန်းလို့ပဲ”
* ဒီတော့...” “ ဒီတော့ ကိုနိုင်လင်း အိမ်ကလည်း မမဦးကိုပဲ အပ်တယ်။ စာကျက်တာကအစ မမဦး အိမ်မှာပဲ လွှတ်ပြီး ကျက်ခိုင်းတယ်။ ဒါနဲ့ ကိုနိုင်လင်း တက္ကသိုလ် ရောက်လာရော ဆိုပါတော့.. တက္ကသိုလ်ရောက် တော့လည်း မမဦးကပဲ စာပြပေးရတယ်။ နောက် တော့ဘယ်လိုကနေ ဘယ်လိုဖြစ်တယ်မပြောတတ် ဘူး။ ကိုနိုင်လင်း တက္ကသိုလ်နောက်ဆုံးနှစ်မှာ နှစ်ယောက်စလုံးက မိဘတွေကို လက်ထပ်ပေးဖို့ ပြောတော့တာပဲ ” “လူကြီးတွေကလည်း သဘောတူတာပဲလား မမဆွေ ”
“ပထမတော့ ဘယ်သဘောတူကြမလဲ။ အသက် ချင်းက အရမ်းကွာနေတာပဲဟာ။ ကိုနိုင်လင်းဘက် က ဒီလောက် မဟုတ်ဘူး။ မမဦးဘက်က ပိုဆိုးတာ ပေါ့။ ကိုယ့်တပည့်ကိုယ်ပြန်ယူရမလားဆိုပြီးတော့ ရှက်လည်း ရှက်၊ ဒေါသထွက်သူ ထွက်၊ ငိုသူက ငို၊ ဆူတဲ့သူက ဆူနဲ့ ပွက်လောကို ရိုက်နေတာပဲပေါ့။ ဒါပေမဲ့” “ဒါပေမဲ့ ဘာဖြစ်လဲ မမဆွေ” “ဒါပေမဲ့ မမဦးက ပြတ်သားတယ်။ လက်ထပ်ပေး ချင်ပေး၊ မပေးရင် လိုက်ပြေးမှာပဲ ဘာညာနဲ့ အကျပ် ပြန်ကိုင်တော့ နောက်ဆုံးမတတ်သာဘဲ ပေးစား လိုက်ရတော့တာပဲ။ အဲဒီအချိန်တုန်းက ကိုနိုင်လင်း အသက်က နှစ်ဆယ်ကျော်ပဲရှိဦးမယ်” “မမဆွေတို့က ဇာတ်လမ်းအဆုံးအစကို မြင်နေရ မှာပေါ့ ဟုတ်လား.. "
“ဟင့်အင်း.. မမဆွေတို့မြို့ကို ကျောင်းအုပ်ကြီး ဖြစ်စမှာ မမဦး ပြောင်းလာတော့မှ မမဆွေတို့နဲ့ သူတို့နဲ့ သိကြတော့မှ ဒီဇာတ်လမ်းက မမဆွေရဲ့ အစ်မကို မမဦးက ပြန်ပြောပြတာကြားလို့ သိနေ တာ သိပ်မကြာသေးဘူး သက်သက်ရဲ့။ မမဦး ကျောင်းအုပ်ဖြစ်တာက နှစ်နှစ်လောက်ပဲရှိဦးမယ်။ ရန်ကုန်ကို ပြန်ပြောင်းရတာ လပိုင်းပဲရှိသေးတယ်” “နှစ်ယောက်စလုံး တစ်ပြိုင်တည်း ပြောင်းရတာ လား ” “မဟုတ်ဘူး။ ကိုနိုင်လင်းက ရန်ကုန်ကို တစ်နှစ် လောက် ကြိုပြောင်းနေရတာ။ မမဦးက နယ်မှာ နေခဲ့ရသေးတယ်။ သူ့ယောက်ျားကို ရန်ကုန်မှာ တစ်ယောက်တည်း ထားရတာ စိတ်မချလို့နဲ့ တူပါ တယ်။ နောက်ကနေ မရအရ လိုက်ပြောင်းလာ တာပဲ” “ကိုနိုင်လင်းက စိတ်မချစရာတွေ လုပ်လို့ လား...” “ဘယ်သိမလဲ သက်သက်ရယ်။ ဒါပေမဲ့ ယောက်ျားဆိုတာမျိုးက စိတ်ချလို့ရတာမျိုးမှ မဟုတ်တာ...” သက်သက် နားထောင်ရင်း ရယ်သည်။ “ မသိပါဘူး။ သက်သက်က သူတို့နှစ်ယောက်လုံး ရန်ကုန်မှာရှိတာ ကြာပြီမှတ်လို့..”
“မကြာသေးပါဘူး။ နို့မို့ဆို မမဆွေဘယ်နေမလဲ။ အရင်ကတည်းက ခဏခဏ သွားတာပေါ့။ မမဦး မရှိလို့မသွားတာ၊ ကိုနိုင်လင်းချည်းပဲဆိုတော့လည်း မသွားရဲဘူး။ တော်ကြာ မမဦးက တစ်မျိုးထင်နေ ဦးမှာ ” “ အဘွားကြီးက အူတိုတတ်လား..”
“ပျော်သက်သက်ရယ်.. ဒီအရွယ်နဲ့ ဒီယောက်ျား ပေါက်စနလေး ထိန်းရတာ အူမတိုလို့ရမလား။ သူ့ခမျာ ထာဝရ ပျာယာခတ်နေရတာပေါ့”
သက်သက် ရယ်ရပြန်သည်။ “ဒါပေမဲ့ သူ့ ယောက်ျားကလည်း သူ့ကို တော်တော်လေး ချစ်မယ်ထင်ပါတယ်။ သူ့မိန်းမကိုထားတာ အပျံစားပဲ။ အိမ်ကလည်း ကောင်းလိုက်တာ.........”
“ဟဲ့.. အဲဒါမမဦးဘက်က သက်သက်ရဲ့။ မမဦး မိဘတွေက မိုးကုတ်ဆက်၊ ကိုနိုင်လင်းတို့ထက် အများကြီး ချမ်းသာတာပေါ့။ မမဦးမှာ အစ်ကို တစ်ယောက်ပဲရှိတယ်။ စုစုပေါင်းမှ မောင်နှမ နှစ် ယောက်တည်း။ အဲဒါ မမဦးတို့ လက်ထပ်ပြီးလို့ ဘယ်လောက်မှ မကြာဘူး။ မမဦး အဖေကော အမေကော နှစ်ယောက်စလုံး မန္တလေးအသွား လေယာဉ်ပျက်ကျပြီး ဆုံးသွားတယ်။ အမွေကို မောင်နှမနှစ်ယောက်တည်းယူရတော့ နည်းတဲ့ ပစ္စည်းတွေ ရလိုက်တာမှ မဟုတ်ဘဲ။ အခု သူတို့နေ တဲ့ အိမ်ကလည်း ကိုနိုင်လင်း ရန်ကုန်ပြောင်းပြီးမှ သူတို့ ဝယ်လိုက်တာ..”
“ ဪ ...” ( သက်သက်အဖို့တော့ စိတ်ဝင်စားစရာကောင်း သည့် ဝတ္ထုတစ်ပုဒ် နားထောင်နေရသလို ဖြစ်နေ သည်။ နားထောင်ရင်းလည်း မျက်လုံးလေး ပြူး လိုက်၊ မျက်ခုံးလေး ပင့်လိုက်၊ သိချင်သည့်နေရာ များ၌ ကြားဖြတ်ဖြတ်၍ မေးလိုက်ဖြစ်နေ၏။
သို့သော်ကိုနိုင်လင်းကိုထိုအချိန်အထိသက်သက် မမြင်ဖူးသေးပေ။
(ဆက်လက်ဖော်ပြပါမည်။)