နေပြည်တော် ဇွန် ၄
(၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၏ ယဉ်ကျေးမှုရတနာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယခုနှစ်ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားကို ယမန်နှစ် ကကဲ့သို့ Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်များအပေါ် လိုက်နာ ဆောင်ရွက်နိုင်ရေးကိုပါ ထည့်သွင်း စဉ်းစားဆောင်ရွက် သွားရမည်ဖြစ် ပါကြောင်း။
ယခုနှစ် အာဇာနည်နေ့မတိုင်မီ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်း မီဒီယာ များမှတစ်ဆင့် အာဇာနည်နေ့ဆိုင်ရာ အကြောင်းအရာများကို ကြိုတင်ထုတ်လွှင့်ခြင်း၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် နိုင်ငံတော် အဆင့် အခမ်းအနားအဖြစ် ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန်တွင် လွမ်းသူ့ပန်းခွေချအလေးပြုခြင်း၊ အတွင်း ဝန်ရုံး(ယခင်ဝန်ကြီးများရုံး)တွင် နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူအလေးပြုခြင်းနှင့် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမနှင့် ရန်ကုန်မြို့ မြို့တော်ခန်းမတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ သံဃာတော် များအား ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
အာဇာနည်ဗိမာန်တွင် ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားအတွက် လိုအပ်သည့် အခမ်းအနား ပြင်ဆင်မှုများကို အချိန်မီပြီးစီးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုများအပါအဝင် တက်ရောက် လာကြသူများအား ကြိုဆိုနေရာ ချထားရာတွင် လစ်ဟာမှု မရှိစေရေး၊ ဂါရဝပြုသည့်အဖွဲ့များ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဝင်/အထွက် အချိန် ကိုက်ဖြစ်စေရေးတို့ကို သေချာစွာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)တွင် ကျင်းပမည့် အလံတင်ခြင်းနှင့် အလေးပြုခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စနစ်တကျစုဖွဲ့ပြီး ကြိုတင် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
လုံခြုံရေးကော်မတီအနေဖြင့် အခမ်းအနားကျင်းပမည့် နေရာများ၌ လုံခြုံရေးတာဝန် ဆောင်ရွက်ရာတွင် ပေးအပ်ထားသည့် လုပ်ငန်းတာဝန် (၁၂)ရပ်ကို လစ်ဟာမှုမရှိအောင် အထူး အလေးထားဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့်လည်း အာဇာနည်နေ့နှင့် သက်ဆိုင်သော အကြောင်း အရာများ အား ပြည်သူများ သိရှိနိုင်ရန်အတွက် ယခင်နှစ်များနည်းတူ သတင်းဆောင်းပါးများ၊ အင်တာဗျူးများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း များ၊ သီချင်းများ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သော မှတ်တမ်းများ၊ ရုပ်ရှင်ကားများ စသည်တို့ကို သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ကြိုတင်ထုတ်လွှင့်နိုင်ရေး စီမံ ဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း။
ယခုကျင်းပမည့် အခမ်းအနားများ အောင်မြင်အောင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး သွားကြရန် ပြောကြားသည်။
ဆက်လက်၍ (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ အဖွဲ့ဝင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ အခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်း တာဝန်အလိုက် ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လုံခြုံရေးအထူး ဂရုပြုရန်နှင့် COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် အခမ်းအနားတွင် ပါဝင်ဆောင်ရွက်သူများအားလုံး COVID-19 Test စစ်ဆေးမှုများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်ပြောကြား၍ တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)