Skip to main content

ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်းများတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ် ထည့်သွင်းပို့ချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်းများတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်ထည့်သွင်းပို့ချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)နှင့် (အောက်မြန်မာပြည်) တို့၌ ဖွင့်လှစ်လျက်ရှိသည့်သင်တန်းများတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်ကို ထပ်တိုးပို့ချနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတွင် ပြုစုအသုံးပြုနေသည့် သင်ရိုးညွှန်းတမ်း၏ မူလဦးတည်ချက်နှင့် လိုက်လျောညီထွေရှိစေရေးနှင့် နည်းပညာရပ်ဆိုင်ရာ ပူးပေါင်းပံ့ပိုး ဆောင်ရွက်နိုင်ရေးတို့အတွက် ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ပါကြောင်း။

အခြားဝန်ကြီးဌာနများမှ ဖွင့်လှစ်သည့် သင်တန်းများတွင် လည်းသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဘာသာရပ်ကို ပို့ချပေးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ပို့ချချက်များဆောင်ရွက်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်းများကို နိုင်ငံတကာစံချိန်စံနှုန်းများ၊ မူဘောင်များနှင့် လိုက်လျောညီထွေဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ သင်တန်းသား/သူများကို သဘာဝဘေးအသိပညာများ ဆက်လက်ဖြန့်ဝေနိုင်ရန် ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ဆည်းပူးရရှိသည့် ပညာဗဟုသုတများဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရေး ရှေးရှုဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ က တစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်းဦးရေ (၇)သန်းခန့် ရှိရာ မြန်မာနိုင်ငံလူဦးရေ၏ (၂) ရာခိုင်နှုန်းဖြစ်ပါကြောင်း၊  အဆိုပါဝန်ထမ်းများ၏ ခံယူချက်၊ စွမ်းဆောင်ရည်နှင့် ဗဟုသုတများ မြင့်မားလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် လုပ်ငန်းပိုင်း ဆိုင်ရာသိသည့် သိထိုက်သည်များသာမက ပို့ချမှုများဆောင်ရွက်ရန် ပြင်ဆင်နေပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုများကြောင့် သင်တန်းများခေတ္တ ရပ်နားခဲ့ရသော်လည်း ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ သင်တန်းများပြန်လည် ဖွင့်လှစ်သွားရန် ဆောင် ရွက်နေကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်အားထည့်သွင်း ပို့ချနိုင်ခြင်းဖြင့် အုပ်ချုပ်ရေး ယန္တရားတွင်ပါဝင်သည့်ဝန်ထမ်းများ သဘာဝဘေးအသိတိုး တက်ကာ ပြည်သူ များအတွက် ပိုမိုဆောင် ရွက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ခံယူချက်၊ ကျွမ်းကျင်မှု၊ အသိ ပညာ၊ မျှော်မြင် တက်မှုနှင့် စိတ်သဘောထားတို့ တိုးတက်ကောင်းမွန်ခြင်းဖြင့် ပြည်သူများကို ဝန်ဆောင်မှု များပေးရာတွင် အထောက်အကူပြု စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌတို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်သည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၃ ရက်မှ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)