Skip to main content

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး (၂/၂၀၂၁)ကျင်းပ

နေပြည်တော် ဇွန် ၂

 

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး(၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်းက   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုအောက်တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့် ကော်မတီ အစည်းအဝေး (၁/၂၀၂၁)ကို ဧပြီ   ၂၆ ရက်တွင် ကျင်းပနိုင်ခဲ့ပါကြောင်း၊   အဆိုပါ အစည်းအဝေးတွင် အမျိုးသားအဆင့် ကော်မတီ ဝင်များမှ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်အပေါ် ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းစီမံချက်ကို အမျိုးသားအဆင့်ကော်မတီဝင်များထံ ထပ်မံဖြန့်ဝေ၍ သဘောထားမှတ်ချက်တောင်းခံခဲ့ ပါကြောင်း၊  နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပြုချက်များ ပေးပို့လာပါကြောင်း၊ အဆိုပါအကြံ ပြုချက်များကို ကော်မတီဝင်များအနေဖြင့် ဆွေးနွေးဆုံး ဖြတ်နိုင်ရေးအတွက် ယခု အစည်းအဝေးကို ထပ်မံခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အကြံပြုချက်များအပေါ် အဖွဲ့ဝင် အားလုံး ဆွေးနွေးသဘောတူချက်များကို ယခုအစည်း အဝေး တွင် အတည်ပြုပြီး အမျိုးသား အဆင့်လုပ်ငန်းစီမံချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့ တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးက မြန်မာ့တပ်မတော်အနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှု ကျူးလွန်ခြင်းမရှိစေရေးအတွက် စစ်ဘက်ဥပဒေ၊ နယ်ဘက်ဥပဒေများအပြင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ(သို့မဟုတ်) စစ်ပွဲဆိုင်ရာဥပဒေကဲ့သို့သော အပြည်ပြည်ဆိုင်ရာဥပဒေများကိုပါ လေးစားလိုက်နာ ဆောင်ရွက်လျက်ရှိပါကြောင်း ပြော ကြားသည်။

 

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်က    ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပြုသုံးသပ် ချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသည့်  အမျိုးသားအဆင့်ကော်မတီဝင် များက လုပ်ငန်းစီမံချက်အပေါ် ဝိုင်းဝန်းဆွေးနွေးကြသည်။ ဆွေးနွေးချက်များအပေါ် အမျိုးသားအဆင့်ကော်မတီဝင်များအားလုံးက အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို သဘော တူညီခဲ့ကြသဖြင့် ဆက်လက်တင်ပြ အတည်ပြုချက်ရယူရန် ဆုံးဖြတ်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားသည်။

 

(သတင်းစဉ်)