Skip to main content

အကြမ်းဖက်သံသရာ မရှည်ကြာအောင်

အကြမ်းဖက်မှုများအား ဆန့်ကျင်သည်ဆိုရာတွင် အကြမ်းဖက်မှု ပုံသဏ္ဌာန်အားလုံးကို ဆန့်ကျင်ပြီးနောက် အကြမ်းမဖက်သည့် နည်းလမ်းကိုသာ ကျင့်သုံးမည်ဆိုခြင်း ဖြစ်သည်။ အကြမ်းဖက်မှုသည် ထိခိုက်မှု တစ်စုံတစ်ရရာဖြစ်ပွားစေသည့် အင်အားအသုံးပြုမှု ဖြစ်ပါသည်။

အကြမ်းဖက်မှုဆိုသည်မှာ မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူ တစ်ယောက်ကိုဖြစ်စေ၊ အခြားလူအုပ်စု သို့မဟုတ် လူ့အဖွဲ့အစည်းကိုဖြစ်စေ ထိခိုက်ဒဏ်ရာရစေမှု၊ သေဆုံးစေမှု၊ စိတ်ဒဏ်ရာ ရစေမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးစေမှုတို့ကို ဖြစ်ပွားစေသည့် အင်အားအသုံးပြုမှုဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

အကြမ်းဖက်လုပ်ရပ်များ

အင်အားကြီးပါတီကြီးကို ဖယ်ရှားလိုက်သည်နှင့် ဒီမိုကရေစီကို လိုလားပါသည်ဟုဆိုသူများက “ဒီမိုကရေစီရရှိရေး”၊ “စစ်အာဏာရှင် ကျဆုံးရေး”ဟု စတင် ကြွေးကြော်ကြရာတွင် CDM လှုပ်ရှားမှုကြီးကို အစပြု၍ “ရုံးမတက်နဲ့ ရုန်းထွက်” ကြွေးကြော် သံများသည် အလုံးစုံ ပျက်သုဉ်းရေးလမ်းကြောင်းကို အစပြုလာခြင်းဖြစ်သည်။ CDM  လှုပ်ရှားမှု၏ အကျိုးဆက်များ အဖြစ် စိတ်ဒဏ်ရာရစေမှု၊ ဖွံ့ဖြိုး တိုးတက်ရေးနှောင့်နှေးစေမှုတို့ ဖြစ်ပေါ်ခဲ့၍ ယင်းတို့သည် အကြမ်းဖက်မှု အဆက်အနွယ်များဟု ဆိုရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် တက်သော်လူတစ်ဦး တစ်ယောက်မှသည်လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိခိုက်မှုဖြစ်စေ သည့် အကြမ်းဖက်လုပ်ရပ်များ အထင်အရှား ပေါ်ပေါက်လာပါသည်။

အမှန်တကယ်တွင် ကျွန်တော်တို့နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များအရ ဒီမိုကရေစီ စနစ်ဖြင့်နိုင်ငံကို အသွင်ကူးပြောင်း တည်ဆောက်နေသည် ဆိုသော်လည်း ဒီမိုကရေစီ အမည်ခံသူများ၊ ဒီမိုကရေစီအရေခြုံသူများ ဒီမိုကရေစီကို တလွဲအသုံးချသူများ ကြောင့် စစ်မှန်သော ဒီမိုကရေစီဝါဒမှ သွေဖည်နေသည်ဟု ဆိုရမည်ဖြစ်သည်။

လွတ်လပ်မှုအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးများကို ရှေ့တန်းတင်ကာ ပြည်သူလူထုအား စည်းရုံးနိုင်မှုသည် “တစ်ပါတီအာဏာရှင်" “လူထုအာဏာရှင်”ဘဝ ရောက်စေသည့် တွန်းအားများ ပင်ဖြစ်ပါသည်။ ယနေ့အခါတွင် တစ်ပါတီအာဏာရှင်၏ ပဲ့ကိုင်မှုဖြင့် လူထု အာဏာရှင်တို့သည် အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်၍ နိုင်ငံကိုပျက်သုဉ်းအောင်၊ ပြည်သူလူထုတစ်ရပ်လုံး အကြောက်တရားဖုံးအောင် လုပ်ဆောင်ကြသည်ကို ထင်ထင်ရှားရှား မြင်ကြရလေပြီ။

သောင်းကျန်းသူတို့နည်း

ဆန္ဒဖော်ထုတ်ကြသည်မှာ ဒီမိုကရေစီစနစ်၏ ပြယုဂ်တစ်ခုမျှသာ ဖြစ်သည်။ ဆန္ဒပြကြရုံဖြင့် အစိုးရတစ်ရပ်သည် သူ့အလိုလို ပြုတ်မကျသွားချေ။ ထို့ကြောင့် ဆန္ဒဖော်ထုတ်ကြသည့် အင်အားကို သန္ဓေတည် ၍ အသွင်အဆင့်ဆင့်ကူးပြောင်းကာ လူထုအင်အား၊ လူထုအာဏာကို အကြမ်းဖက်နည်းလမ်းဖြင့် ထူထောင်သည်။ အကြမ်းဖက်မှု အားကောင်းလာသောအခါ တည်ဆဲအစိုးရ ပြုတ်ကျရေး၊ တစ်ပါတီ အာဏာပြန်ရရေးတို့သည် နီးစပ်လာမည်ဖြစ်သည်။

တကယ်တမ်းတွင် အကြမ်းဖက် လူထုအင်အားသည် အသုံးချခံသာ ဖြစ်သည်။ အကြမ်းဖက် အင်အားများသည် မလွဲမသွေဖြိုခွင်းခံရမည်သာ ဖြစ်သည်။ အကြမ်းဖက်သမားတို့သည် ဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ ထောင်နန်းစံရခြင်း၊ အသက်သေဆုံးရခြင်း ဘဝပျက်ခြင်းတို့သာ ဖြစ်ခဲ့ကြသည်ကို မြန်မာ့သမိုင်းတွင် တွေ့နိုင်ပါသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်သမား တို့သည် သောင်းကျန်းသူတို့၏ လုပ်နည်း လုပ်ဟန်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။

မြန်မာ့နိုင်ငံရေးသမိုင်း၌ အကြမ်းဖက်သံသရာသည် မဆုံးနိုင်အောင် ရှိနေဆဲဖြစ်သည်။ လွတ်လပ်ရေး မရမီက မသမာသူအကြမ်းဖက် သမားတို့၏ လက်ချက်ကြောင့် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည်။ လွတ်လပ်ရေး ရပြီးနောက်တွင်လည်း နိုင်ငံရေးပါတီများ ကွဲကြပြဲကြပြီး လက်နက်ကယ်စုံအလင်နှင့် ခက်ဖွယ်ရယ် ကြုံခဲ့ကြရသည့် နိုင်ငံဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်လုပ်ရပ် မင်းမဲ့စရိုက်များသည် လက်ဝဲလက်ယာ အစွန်းရောက်ဝါဒီများ၊ တရားသေလူမျိုးရေး အစွန်းရောက်ဝါဒီများ၊ အခြားမသမာသူများ၏ အမြတ်ထုတ်မှုများ ဖြစ်ခဲ့သည်။ မျက်မှောက် ကာလတွင် အကြမ်းဖက်လုပ်ရပ်၊ မင်းမဲ့စရိုက်များသည် နိုင်ငံရေးအရောင် ဆိုးခြင်းခံရသည့် လူငယ်လူရွယ်များ၊ အသိအမြင်အားနည်းသည့် ပြည်သူအချို့အား “စစ်ကျွန်၊ စစ်အာဏာရှင်” တံဆိပ်ကပ်ပေးပြီး ပေါ်ပေါက်လာခဲ့သည်။

ပြည်သူများအကြောက်ဆုံး

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်စဉ်များသည် ပြည်တွင်းရေးဖြစ်သော်လည်း အဘက်ဘက်တွင် ကြိုတင်ကြံစည်ထားသည့်၊ အင်အားကောင်းသည့် ပြည်တွင်းပြည်ပ အဖျက်အမှောင့် အနှောင့်အယှက်များကြောင့် အကျပ်အတည်း အခက်အခဲများစွာ ဖြစ်ပေါ်ခံစား နေကြရခြင်းဖြစ်သည်။ ဥပဒေကို ဖောက်ဖျက်သူများက ထင်ရာစိုင်းပြီး ဥပဒေကို လေးစား လိုက်နာသူများက ပို၍အနေအစား ဆင်းရဲခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်အခြေအနေအရ အုပ်ချုပ်ရေးအာဏာကို လွှဲပြောင်းရယူ ထိန်းသိမ်းနေကြောင်း အကြိမ်ကြိမ်ရှင်းပြကြသော်လည်း တပ်မတော်က အာဏာသိမ်းသည်ဟု ပြည်သူကြားတွင် ပုံဖော်ခဲ့ကြသည်။ ပြည်သူအများစု၏ စိတ်ခံစား ချက်အရဆိုပါက တိုင်းပြည်ကို မည်သူအုပ်ချုပ်သည်ဖြစ်စေ၊ တည်ငြိမ်အေးချမ်းပြီး လုပ်ကိုင်စားသောက်မှု အဆင်ပြေလိုကြသူများသာ များသည်။ အပူအပင်ကင်းကင်းဖြင့် စိတ်အေးချမ်းသာချင်ကြ သည်။ အကြောက်ဆုံးမှာ ဆူဆူပူပူ၊ အထိတ်တလန့်နှင့် မတည်မငြိမ် ဖြစ်မည်ကို အကြောက်ဆုံးဖြစ်သည်။

“တောမီးလောင် တောကြောင် လက်ပမ်းပေါင်း (လက်ခမောင်း)ခတ်" ဆိုရိုးအတိုင်း တိုင်းပြည် မတည်မငြိမ်ဖြစ်သောအခါ လူမိုက်များ ခေါင်းထောင်လာကြသည်။ ဥပဒေဘက်တော်သားထက် လူမိုက်ကို ပိုကြောက်ကြရသည်။ ပြည်သူများ ညီညီညွတ်ညွတ်ဖြင့် လူမိုက် များကို ကာကွယ်ရန်၊ သတင်းပေးရန် ပြောကြသော်လည်း လူမိုက် များ၏ရန် လက်ဦးခံရမည်ကို ကြောက်ရွံ့ကြသည်။ လူမိုက်များ အားကောင်းလာလျှင် လူကောင်းများသာမက ဥပဒေဘက်တော်သား များနှင့် လုံခြုံရေးတပ်ဖွဲ့ကိုပါ အန္တရာယ်ပေးနေသည်ကို လက်ငင်း တွေ့နေရသည်။ ဥပဒေမဲ့ပြုကျင့်သူကို ဥပဒေအရ အရေးယူသည်မှာနောက်၊ အပြစ်မဲ့ပြည်သူများ အန္တရာယ်ကျရောက်မည်မှာ အရင်ဖြစ်၍ ကြောက်ရွံ့ကြသည်ကို အပြစ်မဆိုသာပေ။

မကောင်းဒဏ်ပြန်ခံ

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များကို သုံးသပ်ကြည့်လျှင် အကြမ်းဖက် ဆူပူဆန္ဒပြ သူများအနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ လျော့နည်းသွား သောအခါ ၎င်းတို့၏ ရပ်တည်နိုင်မှု အားလျော့လာသည်ကို ပြန်လည်အရှိန်မြှင့်လာသည်။ ပြည်သူလူထု၊ ပြည်သူလူထု နှင့် သက်ဆိုင်သည့်နေရာများ၊ အုပ်ချုပ်ရေးယန္တရားများကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက် ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ဗုံးထောင်ခြင်း၊ ဗုံးပစ်ခြင်းတို့ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူလူထု အတွင်း စိုးရိမ်စိတ်များ ဖြစ်လာအောင်၊ မြို့ရွာများ မငြိမ်မသက်ဖြစ်အောင်၊ မတည်ငြိမ်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ အကြမ်းဖက်သမားများအနေဖြင့် မကောင်းမှုဒဏ် ကိုယ့်ထံ ပြန်သည့်အလား လက်လုပ်ဗုံးများ၊ မိုင်းများပြုလုပ်ခြင်း၊ မြို့ရွာများတွင် တပ်ဆင်ရာ၌ လက်ဝယ်တွင် ဗုံးကွဲပြီး သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ဖြစ်ခဲ့သည်။

၎င်းတို့သည် ပြည်သူလူထုအကြား ရိုးသားစွာ နေထိုင်ကြသော ပြည်သူလူထုကို အကာအကွယ် ယူပြီး အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။ အဖျက်အမှောင့် လုပ်ငန်းများကို ပြုလုပ်ခြင်းသည် ပြည်သူလူထုကိုသာ အများဆုံးထိခိုက်စေသည်။

အကြမ်းဖက်အဖျက်သမားတို့ အဖျက်လုပ်ရပ်များကို မြို့ရွာများတွင် အမျိုးမျိုးလုပ်ကိုင်ခဲ့ကြရာ ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မေလ ( ၁၂ ရက်နေ့ အထိ ဆူပူအကြမ်းဖက်သူတို့၏ လူမဆန်သော လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူ ၆၃ ဦး အသက်သေဆုံးခဲ့ရသည်။ ၎င်းအပြစ်မဲ့ပြည်သူတို့၏ မိသားစုများ ဒုက္ခဆင်းရဲရောက်ခဲ့ကြသည်။

အချိန်မီကာကွယ်ပေး

ပြည်သူလူထုအနေဖြင့် အကြမ်းဖက် အဖျက်သမားများ၏ အန္တရာယ်မှ ကင်းဝေးအောင် လုံခြုံရေးတပ်ဖွဲ့များက နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး အကြမ်းဖက်မှု ဖြစ်လျှင် ချက်ချင်းရှင်းလင်း ပေးလျက်ရှိသည်။

အကယ်၍ အကြမ်းဖက်သမားများ မိမိတို့ပတ်ဝန်းကျင်သို့ ရောက်လာသည်ဆိုပါက ချက်ချင်း သတင်းပေးနိုင်လျှင် အချိန်မီကာကွယ် တားဆီးပေးနိုင်သည်။ ထို့ကြောင့် အကြမ်းဖက် အဖျက်သမားများနှင့် ပတ်သက်သည့်သတင်းများ၊ လှုပ်ရှားမှုများ၊ မသင်္ကာစရာများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့များအား ချက်ချင်းသတင်းပေးကြပါရန် တိုက်တွန်းထားသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် အကြမ်းဖက် အဖျက်သမားများကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးနိုင်သည့် ပြည်သူလူထုနှင့် ပြည်သူပိုင်အဆောက်အအုံများကို အချိန်မီ ကာကွယ်တားဆီး ပေးနိုင်မည်ဖြစ်သည်။ ယခုအချိန်အခါတွင် လုံခြုံရေးသတိ အမြဲရှိဖို့ လိုအပ်သည်။ သာဓကအားဖြင့် မကြာသေးမီက DENKO ဆီဆိုင်တွင် ဆီလာထည့်သည့် ဆိုင်ကယ်များနှင့်ရော၍ အကြမ်းဖက်သမားက ချိန်ကိုက်မိုင်းထောင်ခဲ့ရာ အပြစ်မဲ့ပြည်သူများ သေကျေဒဏ်ရာရသည့်အဖြစ်မှာ စိတ်မကောင်းစရာဖြစ်သည်။

နောင်မလုပ်ဝံ့အောင်

ဥပဒေမဲ့ပြုကျင့် သူလူမိုက်လူရမ်းကား အကြမ်းဖက်သမားများအား နှိမ်နင်းနိုင်ရမည်မှာ အစိုးရ၏ တာဝန်ဖြစ်သည်။ လူဆိုးလူမိုက် လူရမ်းကားအကြမ်းဖက် သမားများကို တပ်မတော်၊ ရဲတပ်ဖွဲ့တို့က နှိမ်နင်းကြမည်သာ ဖြစ်သည်။ သို့သော် ရပ်ရွာပြည်သူ လူထုက ကူညီပါမှ ပိုမို ထိရောက်အောင်မြင်မည်။ အဖျက်လုပ်ရပ်များ မကြာမီ ချုပ်ငြိမ်း သွားမည်ဟုလည်း ပြည်သူများက အားကိုးယုံကြည်မျှော်လင့်နေ ကြသည်။ ။

အကြမ်းဖက်လုပ်ရပ်များ အမြန်ဆုံးချုပ်ငြိမ်းသွားရန်အတွက် အားလုံးဝိုင်းဝန်း လက်တွဲ တိုက်ဖျက်ကြရမည်ဖြစ်သည်။ လူကိုသေစေနိုင်သော လက်နက်၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံး၊ မီးပုလင်းများ အသုံးပြု၍ စက်ရုံ၊ အလုပ်ရုံ၊ လူနေအိမ်၊ ကျောင်း၊ ရုံးနှင့် ရဲစခန်းများကိုမီးရှို့ဖျက်ဆီး တိုက်ခိုက်လာသူများကို ဥပဒေနှင့်အညီ အရေးယူနေ သည်မှာ မလုံလောက်ဟုပင် စာရေးသူ ထင်မြင်ယူဆမိသည်။ အကြမ်းဖက်လက်နက်ကိုင်ဆောင်သူ၊ အသုံးပြု၊ ကျူးလွန်သူတို့အား နောက်နောင် မလုပ်ရဲအောင်၊ နောက်ထပ်မလုပ်ဝံ့အောင် ပိုမို ပြင်းထန်သည့် အကြမ်းဖက် အထူးနှိမ်နင်းရေးတပ်ဖွဲ့နှင့် နှိမ်နင်းရန် စိတ်ကူးမိသည်။

ချုပ်ငြိမ်းမည်မှာသေချာ

မီးရှို့မှု၊ တိုက်ခိုက်မှု၊ ဗုံးကွဲမှု၊ သတ်ဖြတ်မှုများကို မြင်တွေ့ကြားသိ နေရသမျှ ပြည်သူအများ စိုးရိမ်ထိတ်လန့်၊ စိတ်မလုံမခြုံဖြစ်ကြမည်။ ပြည်သူအများ စိတ်မလုံခြုံသည့်အခါ ပူးပေါင်း ပါဝင်လာရန် တွန့်ဆုတ်နေမည်။ မြို့ရွာ၊ ပြည်သူများလုံခြုံရေးကို ထိထိရောက်ရောက် ကာကွယ် လာနိုင်သည်နှင့်အမျှ ပြည်သူများ ပူးပေါင်းပါဝင်မှု များလာမည် ဖြစ်သည်။ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုကို လျင်မြန်စွာ ဖြေဖျောက်ပေးပါက ပြည်သူများက ယုံကြည်အားကိုးပြီး ပူးပေါင်းပါဝင်မှု မြင့်မားလာကာ အမြန်ဆုံး တည်ငြိမ်အေးချမ်းသာယာမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ စည်းလုံးရေး ပျက်ပြားမှုကြောင့် လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းမှုများမှာ ယခုမှဖြစ်လာသည် မဟုတ်ပေ။ လွတ်လပ်ရေး ရပြီးကတည်းက ယနေ့တိုင်အောင် ဖြစ်ပေါ်လျက်ရှိသည်။

အကြမ်းဖက် သောင်းကျန်းမှုဟူသည်မှာ ပြည်သူလူထုအများစု စက်ဆုပ်ရွံရှာ မနှစ်မြို့သော အလုပ်ဖြစ်၍ တစ်နေ့တွင် ချုပ်ငြိမ်းရမည်သာ ဖြစ်သည်။ တပ်မတော်က မြန်မာ့နိုင်ငံရေး သမိုင်းကြောင်း တစ်လျှောက်တွင် အကြမ်းဖက်သောင်းကျန်းမှုဟူသမျှတို့ကို အနိုင်ယူချေမှုန်းနိုင်ခဲ့သည်သာ ဖြစ်သည်။ ပြည်သူလူထု ပူးပေါင်းပါဝင်လျှင် အကြမ်းဖက်မှုမှန်သမျှ အမြန်ဆုံး ချုပ်ငြိမ်းသွားမည်ဖြစ်သည်။ ရပ်ရွာများ တရားဥပဒေစိုးမိုးပြီး အေးချမ်းသာယာ လာမည်ဖြစ်သည်။ ။

 

ငြိမ်းချမ်းမောင်