နေပြည်တော် မေ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဘားအံမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြား သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ပြည်နယ်အတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ COVID -19 ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေအချက်အလက်များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်နှင့်စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လမ်းများတိုးချဲ့ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လမ်းအကျယ်အဝန်းများ ရှိရန်လိုကြောင်း၊ မော်တော်ဆိုင်ကယ် စီးနင်းမှု များပြားသည့်အတွက် မော်တော်ဆိုင်ကယ်စီးနင်းသူများ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးအတွက်လည်း ဆိုင်ကယ်မောင်းနှင်း နိုင်သောလမ်းများ ထည့်သွင်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ လမ်းများရေရှည် ကောင်းမွန်စေရေးအတွက် ရေစီရေလာ ကောင်းမွန်ရေးနှင့် လမ်းတစ်လျှောက် အရိပ်ရ လေကာပင်များစိုက်ပျိုးရန် လိုကြောင်း၊ အရေးပေါ်ကာလအတွင်း ဆူပူဆန္ဒပြမှုများအား အရေးယူဆောင်ရွက် နေမှုနှင့်ပတ်သက်၍ ဒီမိုကရေစီစနစ်တွင် ဆန္ဒပြမှုများရှိမည်ဖြစ်ကြောင်း၊ သို့သော် ပြဿနာအားပိုမိုကြီးထွားစေရန် သတင်းမှားများဖြင့် လှုံ့ဆော်မှုများ ဆောင်ရွက် နေသူများနှင့် အန္တရာယ်ရှိအောင် ဆောင်ရွက်နေသူများကိုသာ အရေးယူဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့် နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းများမှားယွင်းမှုများဖြစ်ပေါ်မှုကြောင့် စိစစ်ခဲ့ချိန်၌ ကရင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ ဆန္ဒမဲပေးခဲ့သူ ၂၃၉၀၀၀ ကျော် ပါဝင်ခဲ့သည့်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် သတ်မှတ်ကာလအတွင်း နိုင်ငံသား များမှတ်ပုံတင်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် ရခွင့်ရှိသည့် တိုင်းရင်းသားအားလုံးနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အကျုံးဝင် သူများအားလုံး နိုင်ငံသားစိစစ်ရေးကတ်ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူချိန်ကာလအတွင်း ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ ဆောင်ရွက်လျက်ရှိပြီး လွတ်လပ်၍ မျှတမှုရှိသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ကြိုပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ ဆန္ဒမဲများပေးသည့်အချိန်တွင် နိုင်ငံသားတိုင်း နိုင်ငံသား စိစစ်ရေးကတ်များ ရှိရန်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍသည် ရှေးယခင်က ထိပ်တန်းအဆင့်တွင်ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အာဆီယံ အဆင့်၌ပင် နိမ့်ကျ လျက်ရှိကြောင်း၊ အားကစားသည် ချက်ချင်းဆောင်ရွက်၍မရဘဲ အချိန်ယူ၍ ဆောင်ရွက်ရ ကြောင်း၊ အားကစားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားကစားသမားများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ကစားနည်းစနစ်များသာမက အားကစားကွင်းများ၊ အားကစားရုံများ သည်လည်း အဆင့်အတန်းမီစွာရှိရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားကစားကွင်းများ၊ မိုးလုံလေလုံ အားကစားရုံများနှင့် အဆင့်မီ ရေကူးကန်များအား ဖြည့်ဆည်းတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားကွင်းများ နှင့် အားကစားရုံများ တည်ဆောက်ရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဖြင့် တည်ဆောက် ရန်လိုကြောင်း၊ အားကစားသည် ကျန်းမာရေးကိုသာမက နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်ကို ပါမြှင့်တင်ပေးနိုင်ကြောင်း၊ ထို့ကြောင့် အားကစားကဏ္ဍမြှင့်တင်ပြီး နိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်ရန်လိုကြောင်း။
ကရင်ပြည်နယ်သည် သာယာလှပသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်နယ်အတွင်း တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်လျက်ရှိကြောင်း၊ ကရင်ပြည်နယ်၏ မျှော်မှန်းသက်တမ်းသည် မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းထက် ၂ ဒသမ ၅ နှစ်ခန့် လျော့ နည်းလျက်ရှိသဖြင့် ပြည်နယ်အတွင်းနေထိုင်ကြသသည့် တိုင်းရင်းသားပြည်သူများ အနေဖြင့် အဟာရပြည့်ဝသည့် စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များပြည့်ဝစွာရရှိရန်လိုအပ်ကြောင်း၊ ထို့အပြင် ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် အချိုမှုန့်စားသုံးမှုများ၊ မူးယစ်ဆေးဝါးနှင့် အရက်၊ ဆေးလိပ်၊ ကွမ်းများ သုံးစွဲမှုကို တတ်နိုင်သမျှရှောင်ကျဉ်ရန်လိုအပ်ကြောင်း။ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ်သည် ဆန်ဖူလုံမှုရှိပြီးအခြားသီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်းနှင့် အခြားနှစ်တို၊ နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးလျက်ရှိသဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေး အားကောင်းသည် ကိုတွေ့ရှိရကြောင်း၊ ဒေသအတွင်း ဝမ်းစာဖူလုံရေးအတွက် စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍ လူအများစားသုံးသည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်နှင့် ငါးမွေးမြူရေးလုပ်ငန်းများအား တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လို ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအား ဒေသတွင်းအရည်အသွေးပြည့်မီသည့် ကုန်ချောများ အဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ပါက ဒေသတွင်း စီးပွားရေး ကောင်းမွန်လာမည်ဖြစ်သည့်အပြင် ပြင်ပမှဝယ်ယူစားသုံး မှုများကို လျှော့ချ ပေးနိုင်မည် ဖြစ်ကြောင်း၊ သို့မှသာ သုံးစွဲငွေလျှော့နည်းပြီး ဒေသတွင်း လူမှုစီးပွား ဘဝကို တိုးတက်စေမည် ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ တိုးတက်မှုသည် နိုင်ငံ၏ GDPနှင့် နိုင်ငံခြားကုန်သွယ်မှုများ အပေါ်တွင်မူတည်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဘတ်ဂျက်လိုငွေ များပြားမှုကြောင့် ဖွံ့ဖြိုးမှုနည်းပါးသည့် တိုင်းပြည်စာရင်းတွင် ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသတွင်း လူမှုစီးပွားဘဝတိုးတက်အောင်ဆောင်ရွက်ပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း။
နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှု၊ ပို့ဆောင်ရေး စနစ်ကောင်းမွန်မှု၊ ဆက်သွယ်ရေးစနစ်ကောင်းမွန်မှုနှင့် လူသားအရင်းအမြစ်ပေါကြွယ် ဝမှုများသည် အဓိက အရေးကြီးကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ပြည်နယ်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအရင်းမြစ်များရှိပြီးဖြစ်ကြောင်း၊ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီးရေးအားလျှပ်စစ် စက်ရုံမျိုးသည် ကရင်ပြည်နယ်ကို အထောက် အကူပြုမည်ဖြစ်သဖြင့် ဆောင်ရွက်သင့်ကြောင်း၊ အကြောင်းအမျိုးမျိုးပြ၍ ကန့်ကွက်နေသူများကို နားလည်စေလိုကြောင်း၊ အဆိုပါရေအရင်းအမြစ်များမှ အသုံးချ၍ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိအောင်ဆောင်ရွက်နိုင်ခြင်းဖြင့် လျှပ်စစ် ဓာတ်အားအသုံးပြု ဆောင်ရွက်ရသည့် စက်ရုံအလုပ်ရုံများ ပိုမိုတိုးတက် လည်ပတ်ဆောင်ရွက်နိုင်မည့်အပြင် ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်းလည်း မြင့်မား လာမည်ဖြစ်ကြောင်း။ ပညာရည်မြင့်မားရေးနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ကရင်ပြည်နယ် အတွင်း ၅ နှစ်နှင့်အထက် ကျောင်းမနေဘူးသူ ဦးရေသည် ပြည်နယ် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းရှိသဖြင့် ပြည်နယ်အတွင်း ပညာရေးတိုးတက် အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံရှိလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသူများဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် အဓိက အထောက်အကူပြုနိုင်သည့် စိုက်ပျိုးမွေးမြူရေး ပညာရပ်များသင်ကြားနိုင်ရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံများ ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ဖြစ်ပွားစဉ် ကာလအတွင်း တစ်နှစ်တာကာလ ကျောင်းများပိတ်ထားခဲ့ရသဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု တစ်နှစ်နောက် ကျခဲ့ရသဖြင့် ကျောင်းသား၊ မိဘများနှင့် နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအချိန်တွင် မိမိတို့ နိုင်ငံ၌ COVID-19 ရောဂါကူးစက်မှု အတိုင်းအတာတစ်ခုအထိ လျော့ကျလာပြီဖြစ်သဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် မသမာသူများအနေဖြင့် ပညာရေးစနစ်ကို အနှောင့်အယှက်ဖြစ်စေရေး ကျောင်းများ မဖွင့်လှစ်ဖြစ်အောင် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ပညာသင်ကြားရေးနှင့်ပတ်သက်၍ နည်းမျိုးစုံဖြင့် နှောင့်ယှက် နေမှုများအပေါ် တာဝန်ရှိသူများအနေဖြင့် နားလည်အောင်ရှင်းလင်းပြောကြား၍ ပညာရေးကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံနှင့်ပြည်သူ လူထုမှလိုလားသည့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်သင့်လုပ်ထိုက် သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ဘားအံမြို့ပေါ်ရှိ ထေကြီးဝါကြီး ဆရာတော်ကြီး များဖြစ်သည့် ဇွဲကပင်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇ၊ လမင်းပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တကေသရိန္ဒ၊ မဲဘောင်ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလတို့အား မဲဘောင်ကျောင်းတိုက်တွင်လည်းကောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် ဆရာတော် ဘားအံမြို့၊ မိုးကယ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တတေဇိန္ဒ အားလည်းကောင်း၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၊ တောင်ကလေးကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပညာသာမိအားလည်းကောင်း အသီးသီးသွား ရောက် ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြ၍ နဝကမ္မအလှူတော်ငွေများနှင့် လှူဖွယ်ပစ္စည်းများ၊ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော်နှင့် ဆီများအား အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇွဲကပင်အဆင့်မြင့်အားကစားကွင်းအား ပြည်နယ်အားကစားကွင်းအဆင့် မြှင့်တင်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အားကစားကွင်းများ အဆင့်မြှင့်တင် တည်ဆောက်ရာတွင် အဆင့်အတန်း မီစွာတည်ဆောက်ရန်၊ ကစားကွင်းအတွင်း ပရိတ်သတ်များ ဝင်၊ ထွက်မှု အဆင်ပြေစေရေး စဉ်းစားတည်ဆောက်ရန်၊ ပြည်နယ်အဆင့် အားကစားကွင်းဖြစ်သဖြင့် ပြည်နယ်အားကစား တိုးတက်ရေးကို အထောက် အပံ့ ပေးနိုင်သည့် အားကစားကွင်းဖြစ်အောင် ဆောင်ရွက်ရန်၊ ရေကူးကန်အား ပြိုင်ပွဲများကျင်းပနိုင်သည်အထိ စနစ်တကျဖြင့် ထည့်သွင်း တည်ဆောက်ရန်တို့အား မှာကြားခဲ့သည်။ ထို့နောက် အောင်သံလွင် ပြည်နယ်အားကစား ကွင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးပြီး ကွင်းတိုးချဲ့ ပြုပြင်နိုင်ရေးအတွက်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်