နေပြည်တော် မေ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၁၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အစည်း အဝေးအဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံရေးအရ ဆန္ဒပြမှု များရှိလာကြောင်း၊ တာဝန်ယူရသည့် အခြေအနေအားအကြိမ်ကြိမ် ရှင်းလင်းပြောကြားထားသော် လည်း နားလည်သဘောပေါက်သူများရှိသကဲ့သို့ နားမလည်သူများလည်းရှိကြောင်း၊ ယခုအခါ ဆူပူ သောင်းကျန်းမှုများမှတစ်ဆင့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လာကြောင်း၊ လက်နက်ကိုင် သောင်းကျန်းသူများ၏ နယ်မြေများအတွင်း ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခြင်း၊ မတရားအသင်းအဖြစ် ကြေငြာထားသည့် CRPH၊ NUG၊ PDF များဖွဲ့စည်း၍ အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်ပြီး ဖျက်ဆီးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာကြကြောင်း၊ ပြည်သူများ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းစဉ် ကာလကတည်းကပင် ရာနှုန်းပြည့်ငြိမ်းချမ်းရေးရရှိသည့် ဒီမိုကရေစီဖြင့်ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ လက်နက်ကိုင် ပဋိပက္ခများအကြားမှပင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်းရေး အတွက်ဖိတ်ခေါ်၍ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ NCA လက်မှတ် မရေးထိုးမီကာလအတွင်း Gentleman Aggrement များဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် သဘောတူညီချက်များရယူ ဆောင်ရွက်ခဲ့သည်များလည်းရှိကြောင်း။
မိမိတို့အနေဖြင့် လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဝင်ရောက်တာဝန်ယူခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ဖျက်သိမ်းခြင်းမရှိကြောင်း၊ ၁၉၅၈ ခုနှစ် အိမ်စောင့် အစိုးရလက်ထက်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းခြင်းမရှိဘဲ အခြေခံဥပဒေအား ပြင်ဆင်ချက်များဖြင့်သာ နိုင်ငံတော်အား တာဝန်ယူဆောင်ရွက်ပြီး ရွေးချယ်ခံအစိုးရ ဖဆပလကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ တာဝန်ယူချိန်ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်း ခြင်းနှင့် ကတိကဝတ်ပေးထားသည့်အတိုင်း သန့်ရှင်းသည့် ရွေးကောက်ပွဲကျင်းပ၍ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာသည့်အချိန်တွင် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအား ဖျက်သိမ်းခဲ့ပြီး တပ်မတော်မှ ဗဟိုဦးစီးစနစ်ဖြင့် ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအာဏာများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် လမ်းစဉ်ပါတီအစိုးရက ဆိုရှယ်လစ်စနစ်ဖြင့် တာဝန်ယူဆောင်ရွက် ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ် တောင်းဆိုမှုများအရ နိုင်ငံ၏ အုပ်ချုပ်မှုယန္တရား များ ပျက်စီးခဲ့ရပြီး တပ်မတော်မှ ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း။
မိမိတို့ယခုတာဝန်ယူ ဆောင်ရွက်နေခြင်းသည် အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာထိန်း ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် အာမခံချက်ရှိစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပါတီပေါင်း ၉၀ ကျော်ရှိကြောင်း၊ အခြား နိုင်ငံများတွင် မိမိတို့နိုင်ငံကဲ့သို့ ပါတီများစွာမရှိကြောင်း၊ ပါတီများဖွဲ့စည်းရာတွင် နိုင်ငံရေးကို အခြေခံသည့်ပါတီ၊ ဒေသကိုအခြေခံသည့်ပါတီ၊ တိုင်းရင်းသားကို အခြေခံသည့် ပါတီများရှိကြောင်း၊ နိုင်ငံရေးဆောင်ရွက်ရာတွင် သဘောထားကွဲလွဲနေ၍မရဘဲ စည်းလုံးညီညွတ်မှုရှိစွာဖြင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ညီညွတ်မှုမရှိပါက တည်ငြိမ်းအေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု ရှိစေရန်အတွက် နိုင်ငံရေးဆောင်ရွက်သူများ၊ မီဒီယာများအနေဖြင့် သတင်းမှားများကို သွေးထိုးလှုံ့ဆော်မှုများ မပြုလုပ်ရန်လိုကြောင်း၊ လုံခြုံရေးအရတည်ငြိမ် အေးချမ်းမှုရှိရန်အတွက် တိုင်းရင်းသား လက်နက် ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်လိုအပ်သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း။
မိမိတို့ကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် နိုင်ငံအတွင်း စားရေရိက္ခာ ပေါများစေရန်၊ ယိမ်းယိုင်နေသည့် စီးပွားရေးများပြန်လည် ကောင်းမွန်အောင်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေ ပြည်သူများဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ပစ်ပယ်ထား၍မရကြောင်း၊ ကျေးလက်စီးပွားရေးမြှင့်တင်ရေးအတွက် ပြည်နယ်နှင့်တိုင်း ဆင်းရဲ ချမ်းသာကွာဟမှုကို လျှော့ချရေးဆောင်ရွက်ရာတွင် ပြည်နယ်များကို ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစိုက်ပျိုးရေးမှာ ဆန်စပါး၊ ပဲနှင့် ဆီထွက်သီးနှံများဖြစ်ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ထို့အတူ ရပ်နားထားသည့် ပြည်တွင်းကုန် ထုတ်လုပ်ရေးစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးအတွက်လည်း တွန်းအားပေးဆောင်ရွက် ရန်လိုကြောင်း၊ စက်မှုကုန်ကြမ်းများ ထုတ်လုပ်နိုင်သည့် ဝါနှင့် ဝါးစိုက်ပျိုးရေးလုပ်ငန်းများ ကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ပင်လယ်ကမ်းရိုးတန်း ဒေသများတွင်လည်း အုန်းစိုက်ပျိုးရေး လုပ်ငန်းများကို ဆောင်ရွက်၍ အုန်းထွက်ပစ္စည်းများ ထုတ်လုပ်ကာ နိုင်ငံတကာသို့တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ၏ဝင်ငွေတိုးတက်ရေး အတွက် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။
လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိစေရေး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုအပ်ပြီး သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု မရှိအောင် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ ရေကိုအကျိုးရှိစွာ အသုံးချ၍ လျှပ်စစ် ဓာတ်အားဖူလုံစွာရရှိနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ အလားတူ မြစ်ရေတင် လုပ်ငန်း များဆောင်ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ “ညီညွတ်ခြင်းသည် အင်အား” ဆိုသည့်အတိုင်း အစိုးရ၊ ပါတီများနှင့် နိုင်ငံသားအားလုံး ညီညီ ညွတ်ညွတ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်းတို့က အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် လုံခြုံရေး ကို ထိရောက်စွာဆောင်ရွက်ပေးရေးကိစ္စ၊ အချို့မြို့နယ်များတွင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် နိုင်ရေး၊ မသမာသည့်ရည်ရွယ်ချက်ဖြင့် ငွေကြေးအမြောက်အများကို လက်ဝယ်ထိန်းသိမ်း ထားရှိသူ များအား စိစစ်ဖော်ထုတ် အရေးယူနိုင်ရေး၊ မီဒီယာတုံ့ပြန်မှု လျင်မြန်သွက်လက်စွာ ဆောင်ရွက် နိုင်ရေး၊ ပြည်သူလူထု၏ လုံခြုံမှုအတွက် ပြည်သူ့အင်အားဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ ဘဏ် လုပ်ငန်းစနစ်နှင့် ငွေကြေးစီးဆင်းမှုကို ထိခိုက်အောင် ဆောင်ရွက်နေသူများအား ရှာဖွေဖော်ထုတ် အရေးယူရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသအလိုက် ရပ်/ကျေး ဉက္ကဋ္ဌနှင့်အဖွဲဝင်များ၊ မိသားစုဝင်များ လုံခြုံရေးအတွက် အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်ပေးရေး၊ လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုး တိုးတက်စေရန် ဌာနအလိုက်အလုပ် ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးနိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် စီမံကိန်းတစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ တောင်ပေါ်ဒေသများတွင် ကုန်းမြင့်လယ်ယာ ဖော်ထုတ်ရေး၊ ဌာနများအလိုက် လစ်လပ်သွားသည့် ရာထူးနေရာများတွင် ပြန်လည်ဖြည့်ဆည်း ခန့်ထားနိုင်ရေး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိန်းမြို့နယ်အတွင်း တရားမဝင် ရွှေသတ္တုတူးဖော်နေမှုများအား ထိန်းသိမ်းပေးနိုင်ရေးနှင့် သောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာများ၌ စက်ရေတွင်းများ တူးဖော်ပေးနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌက ဘဏ်လုပ်ငန်းများနှင့် ငွေကြေးစီးဆင်းမှုများကို ပြည်သူလူထုယုံကြည်မှုရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ၏ အခွန်စနစ်နှင့်ပတ်သက်၍ ဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်/ကျေး ဉက္ကဋ္ဌများနှင့် ပတ်သက်၍ လုံခြုံရေးအတွက် စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနများအလိုက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားရမည် ဖြစ်ကြောင်း၊ မြို့နယ်အချို့တွင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်နိုင်ရေးအတွက် စိစစ်ပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် မီဒီယာတုံ့ပြန်မှု လျင်မြန်စေရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်းရှိ NGO၊ INGO များနှင့် ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများအနေဖြင့် ပြန်လည်စိစစ်ကြပ်မတ် ဆောင်ရွက် သွားရန်လိုကြောင်း၊ ဝန်ကြီးဌာနအလိုက် လစ်လပ်ဝန်ထမ်းများ ပြန်လည်ခန့်ထားရေးနှင့် ပတ်သက် ၍ နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေ၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်စိစစ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသအလိုက် လိုအပ်ချက်များ နှင့်စပ်လျဉ်း၍ ပြည်နယ်များ၏ လိုအပ်ချက်ကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း စာသင်ကျောင်းမှ အမျိုးသား စည်းကမ်းများကို ဆောင်ရွက်ပေးနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်း စည်းကမ်းများကို လိုက်နာရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ပညာ သင်ကြားရေးကိုသာ အလေးထားစေလိုကြောင်း၊ သူ့နေရာနှင့်သူသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် အဓိကအားဖြင့် ပြည်သူများ အနေဖြင့် ဥပဒေကိုနားလည်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တက္ကသိုလ်၊ ကောလိပ်များတွင် ဥပဒေပညာရပ်များ သင်ကြားရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ဥပဒေအားလေးစား လိုက်နာခြင်း မရှိပါက တရားဥပဒေစိုးမိုးရေး မဖြစ်နိုင်သကဲ့သို့ လွတ်လပ်ပြီးတရားမျှတသည့် သန့်ရှင်းသည့် ဒီမိုကရေစီစနစ်မဖြစ်နိုင်ကြောင်း၊ နိုင်ငံအတွင်းတရားဥပဒေ စိုးမိုးရေးအတွက် ပညာတတ်များ ပေါကြွယ်ဝအောင် ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ပြည်သူများ ပညာတတ်ဖြစ်စေရေးသည် အရေးကြီးသဖြင့် အထူးအလေးအနက်ထား ဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံကောင်းအောင် ဆောင်ရွက် လိုသည့် စိတ်ဓာတ်ရှိမှသာ နိုင်ငံကြီးပွားတိုးတက်မည်ဖြစ်ပြီး နိုင်ငံကောင်းအောင် ဆောင်ရွက် လိုသည့် စိတ်ဓာတ် ရှိရန်အတွက် ပညာရေးတွင် အခြေခံကောင်းရန်လိုအပ်ကြောင်း၊ ပြည်သူလူထု လက်ရှိ အချိန်တွင် ကြုံတွေ့နေရသည့် စီးပွားရေးနှင့် စားသောက်ရေးများ အဆင် ပြေစေရန်အတွက် စားရေရိက္ခာများ ပေါများအောင် ဆောင်ရွက်နေချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်သည်များကို အကြံပြုဆွေးနွေး တိုက်တွန်းပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)