Skip to main content

လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မေ ၇

လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးကိုကိုလွင်က “မြို့ပေါ်သုံးနှင့် ခရီးတိုအသုံးပြုနိုင်သည့် လျှပ်စစ်ကား City Bus များကို နိုင်ငံတကာမိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး အတွက်ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် စက်မှုဝန်ကြီး ဌာနမှ ရေးဆွဲဆောင်ရွက်ခဲ့သည့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒတွင်လည်း “သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းပြီး ဂေဟစနစ်ကို အထောက်အကူပြုသည့် ယာဉ်များနှင့် အစားထိုး လောင်စာသုံးယာဉ်များ တိုးမြှင့်ထုတ်လုပ်ခြင်းကို အားပေးမှုဖြင့် အထူးအခွင့် အရေးပေးရန်” ဟု ပါရှိသဖြင့် Electric Vehicle ထုတ်လုပ်မှုကို အားပေးမြှင့်တင် ထားသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ မော်တော်ယာဉ်များ၌ ရုပ်ကြွင်းလောင်စာ (Fossil Fuel) သုံး Internal Combustion Engine (ICE) များကို တပ်ဆင်အသုံးပြုခဲ့ကြောင်း၊ ရုပ်ကြွင်း လောင်စာများသည် ပမာဏအကန့်အသတ်ရှိပြီး နောင်နှစ်ပေါင်း(၃၀)မှ (၅၀)အတွင်း ကုန်သွား နိုင်သည်ဟု ပညာရှင်များမှ သုံးသပ်ထားရှိ ကြောင်း၊ ထို့ကြောင့် စွမ်းအင်ခြိုးခြံ ချွေတာနိုင်သော Fuel Efficient Engine များ၊ စွမ်းအင်သုံးစွဲမှုကို ရာခိုင်နှုန်းအတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်သည့် မျိုးစပ်ကား Mild Hybrid & Strong Hybrid များကို ပြောင်းလဲထုတ်လုပ် သုံးစွဲလာကြကြောင်း။

လက်ရှိမြန်မာနိုင်ငံ၏ Automotive Industry တွင် Motor Vehicle Assembly Industries နှင့် Part Manufacturing Industries ရှိသည့်အနက် Assembly-based Industries များကိုသာ အကောင်အထည်ဖော်ဆောင်ရွက် နေကြကြောင်း၊ ပြည်တွင်း၌ မော်တော်ယာဉ်ထုတ်လုပ်မှုကို Semi-knocked Down (SKD) စနစ်ဖြင့် ထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီ(၁၄)ခုရှိပြီး ၎င်းတို့အနက် Electric Vehicle ထုတ်လုပ်သည့် ကုမ္ပဏီ(၁)ခုသာရှိကြောင်း၊ အဆိုပါ ကုမ္ပဏီမှထုတ်လုပ်သည့် Electric Vehicle များမှာလည်း အိမ်သုံးလူစီး ကားငယ်အမျိုးအစား သာဖြစ်ပြီး Public Transportation အတွက် Commercial EV Bus အမျိုးအစားများ ထုတ်လုပ်နိုင်ခြင်း မရှိသေးသဖြင့် Facilities Requirement များကို ထည့်သွင်းစဉ်းစား၍  Startup in EV Industry ဖြစ်အောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းပြီး ဂေဟစနစ်ကို အထောက်အကူပြုသည့်ယာဉ်၊ စွမ်းအင်ပေါင်းစပ် အသုံးပြုသည့် ယာဉ်နှင့် လျှပ်စစ်ကားများထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းများအတွက် အထူးသက်သာသည့် အခွန်စနစ်နှင့် ခံစားခွင့်များကိုလည်း ဆောင်ရွက်ပေးသွားရန် လိုအပ်ပါ ကြောင်း၊ Electric Vehicle များ ထုတ်လုပ်ခြင်းကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အသွင်သဏ္ဍာန်နှင့် ဖြစ်စေ၊ ပုဂ္ဂလိကကဏ္ဍသီးသန့်ဖြစ်စေ တိုးမြှင့်ထုတ်လုပ်သုံးစွဲနိုင်ရေး အားပေးကူညီ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။

စက်မှုဝန်ကြီးဌာနရှိ စက်ရုံအလုပ်ရုံများ၌ မြေနေရာ၊ လျှပ်စစ်မီး၊ ရေ စသည့် သွင်းအားစုများ အဆင့်သင့်ရှိနေသဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ Startup in EV Industry များ ဖြစ်ပေါ်လာရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ပါ‌ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က EV ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေး ကဏ္ဍတစ်ရပ်အဖြစ် ရင်းနှီးမြှုပ်နှံမှုအားပေးမြှင့်တင်ရေး လုပ်ငန်းများအောက်တွင် ထည့်သွင်း နိုင်ရေးအတွက် အမိန့်ညွှန်ကြားချက်များကို ပြင်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်ကားများ ထုတ်လုပ်မည်ဆိုပါက Lithium Battery ထုတ်လုပ်မှု လုပ်ငန်းများနှင့် Charging Station များကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ EV ထုတ်လုပ်မှု လုပ်ငန်းများကို နိုင်ငံတော်၏ဓနအင်အား နည်းပညာများကိုအခြေခံ၍ အဆင့်လိုက် ဆောင်ရွက်သင့်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဈေးကွက်ရရှိအောင်လည်း ဖန်တီးပေး ရမည်ဖြစ်ကြောင်း၊ EV ထုတ်လုပ်မှုလုပ်ငန်းအတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမည့်သူ များကို ဖိတ်ခေါ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ EV ထုတ်လုပ် လျက်ရှိသည့် နိုင်ငံများ၏ EV နှင့်ပတ်သက်သည့် မူဝါဒများကိုလည်း လေ့လာမှီငြမ်းသင့်ပါ ကြောင်း၊ ပြည်တွင်း၌ EV ထုတ်လုပ်မည်ဆိုပါက EV ထုတ်လုပ်လျက်ရှိသည့် မိတ်ဖက်နိုင်ငံများနှင့်ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အထွေထွေမန်နေဂျာ၊ ဒေါ်ရီရီကျော်က မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒများ၊ နိုင်ငံတကာတွင် EV ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြပြီး၊ ဆက်စပ်ဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များက EV ထုတ်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးကိုကိုလွင်က စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြား ပြီး EV ထုတ်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည့် တက်ရောက်လာသူများအား ကျေးဇူးတင်ရှိပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် Electric Vehicle Development Action Plan အား (၃)လမှ (၆)အတွင်း အပြီးသတ်ရေးဆွဲရန်၊ Electric Vehicle(EV)များ ရင်းနှီးမြှုပ်နှံရေး အားပေးသည့် မူဝါဒများ ချမှတ်ဆောင်ရွက်သွားရန်၊ Startup in EV Industry အတွက် Investment Promotion Plan တွင် ဦးစားပေးကဏ္ဍအနေဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများအား ဖိတ်ခေါ်ရန်၊ Private Sector များ၊ Stakeholder များ ဖိတ်ခေါ်ပြီး ညှိနှိုင်းအစည်းအဝေးကျင်းပရန်၊ EV Research & Development ဆောင်ရွက်နိုင်ရေးအတွက် Supply Chain Facilities ရှိသော ကာကွယ်ရေး ဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးရန်၊ Electric Vehicle နှစ်ဘီး/သုံးဘီး မော်တော်ဆိုင်ကယ်အတွက် Research & Development ကိစ္စရပ်များဆောင်ရွက်ရန်နှင့် မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်များတွင် အထောက်အကူပြုနိုင်ရန်နှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို နှစ်နိုင်ငံ (Bilateral) နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)