နေပြည်တော် ဧပြီ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေး အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း ပေးလျက်ရှိရာ ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနသို့ လည်းကောင်း ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို “အားလပ်ချိန်မှာ စာဖတ်ပါ” ဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းများ အားလပ်ချိန်တွင် စာအုပ်စာပေများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်၊ ဝန်ထမ်းများ စာပေနှင့် အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ ဝန်ကြီး ဌာန ၂၄ ရုံးနှင့် ဦးစီးဌာန ၂ ရုံး၊ စုစုပေါင်းဌာန ၂၆ ရုံးတွင် ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ရုံးဖွင့်ရက်များတွင် သတ်မှတ်နေ့ရက်များ အတိုင်း စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်တွင် သုတ/ရသစာအုပ်ပေါင်း ၆၆၀၀ ဖြင့် ဝန်ကြီးဌာနရုံးများ အရောက် ငှားရမ်းပေးသည့်အတွက် စာဖတ်သူများအနေဖြင့် စာအုပ်များကို အချိန်မကုန် အလုပ်အကိုင်မပျက်ဘဲ စာပေဖတ်ရှု လေ့လာနိုင်ကြောင်း သိရသည်။
ရွေ့ လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းနှင့်ပတ်သက်၍ “ယခင် က ဝန်ထမ်းတွေအနေနဲ့ စာအုပ်စာပေကို ဖတ်ရှု လေ့လာလိုသော်လည်း နေပြည်တော်မှာ စာအုပ် အငှားဆိုင်တွေ မရှိသလောက် ရှားပါတယ်။ ဒါကြောင့် စာအုပ်ငှားရမ်း ဖတ်ရှုဖို့ အင်မတန် ခက်ခဲပါတယ်။ စာအုပ်အရောင်းဆိုင် ရှိတဲ့အတွက် အလွန် ကြိုက်နှစ်သက်တဲ့စာအုပ်ကိုတော့ အပိုင်ဝယ်ယူတာတွေ ရှိတာပေါ့။ အခုလို ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်နဲ့ စာအုပ်အမျိုးအစား စုံလင်စွာနဲ့ ရုံးဌာနအရောက် အခမဲ့လာရောက် ငှားရမ်းပေးတဲ့ အတွက် စာအုပ်မျိုးစုံကို အလွယ်တကူဖတ်ရှုခွင့်ရတယ်။ အားလပ်ချိန်မှာ အကျိုးရှိတဲ့စာပေတွေကို (အလွယ်တကူ ဖတ်ရှုရတဲ့အတွက် အသိပညာတွေလည်း ရရှိပါတယ်။ အခုလို စာအုပ်တွေ ဖတ်ရှုခွင့်ရတဲ့အတွက် ကိုယ်မသိသေးတဲ့ အကြောင်းတွေကိုလည်း စာအုပ်စာပေတွေကနေတစ်ဆင့် သိရှိရတယ်။ ဗဟုသုတလည်း ရပါတယ်။ ငွေမကုန်၊ အချိန် မကုန်ဘဲ စာအုပ်စာပေကောင်းတွေကို အလွယ်တကူ ဖတ်ရှုခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကို ကျေးဇူးတင်ပါတယ်။
စာအုပ်စာစောင်ကောင်းတွေကိုလည်း ထပ်မံ ဖြည့်ဆည်းပေးပါလို့ အကြံပြုလိုပါတယ်” ဟု အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာအုပ်ငှားသူ တစ်ဦးကပြောသည်။
ထို့ပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ဝန်ထမ်းများ စာပေဖတ်ရှုလေ့လာနိုင်စေရေးအတွက် ဝန်ကြီးဌာနရှစ်ရုံးနှင့် ဦးစီးဌာန တစ်ရုံးတို့တွင်လည်း သံစာအုပ်စင်သုံးစင်နှင့် စာအုပ်ပေါင်း အုပ် ၃၀၀ စီ ပေးပို့ထားရှိပြီး သုံးလလျှင် တစ်ကြိမ် လဲလှယ်ဖတ်ရှုနိုင်စေရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်