Skip to main content

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၁ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ Zoom Meeting ဖြင့်ကျင်းပရာ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ ရန်ကုန်မြို့ တော်ဝန်နှင့် မန္တလေးမြို့တော်ဝန်၊ လုပ်ငန်းကော်မတီ (၈)ရပ်ဆိုင်ရာ ဒုတိယဝန်ကြီးများ၊ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေး၌ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးအလုပ်သမား ပပျောက်ရေး သည် မျက်မှောက်ခေတ်၏ Global Issue တစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၈ ရက်နေ့တွင် ပြည်သူလူထုထံပြောကြားသည့်မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားထား ပြီးဖြစ်သော နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူခဲ့သည့် အချိန်မှစပြီး နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာစီမံကိန်းများ၊ အလုပ်သမားရေးရာနှင့် ဆက်စပ်သည့်လုပ်ငန်း စီမံချက်များကို အရှိန်အဟုန်မပျက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေးကဏ္ဍ ပိုမိုတိုးတက်ဖွံ့ဖြိုးနိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး တည်ဆဲဥပဒေများနှင့် အညီဆောင်ရွက်သွားမည်ဖြစ်သဖြင့် မည်သည့်ထိခိုက်မှုမျှ ရှိမည်မဟုတ်ကြောင်း။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကာလအတွင်းတာဝန်ယူခဲ့သည့် ယခင်အစိုးရ လက်ထက်တွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေသည့် ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိသောလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို ပြန်လည်သုံးသပ်ပြီး မိမိတို့အနေဖြင့် တိုင်းပြည်နှင့်ပြည်သူ့အတွက် လက်တွေ့အကျိုးရှိမည် ဆိုပါက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် လုပ်ဆောင်ရန်ရှိသည်များကို ထိရောက် အောင်မြင်စေရန် သွက်သွက်လက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်သည် အလုပ်သမားများ၏ လူမှုအခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ပေးရသည့် လုပ်ငန်းများဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် သတ်မှတ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းကော်မတီများက မဖြစ်မနေ ညှိနှိုင်းစီမံ ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)၏ ၂၀၁၇ ခုနှစ် စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အသက် ၅ နှစ် မှ ၁၇ နှစ်အကြား ကလေးသူငယ် (၂၁၈)သန်း အလုပ်လုပ်ကိုင်လျက်ရှိရာ ကျား (၈၈) သန်းနှင့် မ (၆၄) သန်းစုစုပေါင်း (၁၅၂) သန်းခန့်သည် ကလေးအလုပ်သမားများ ဖြစ်နေသည်ကိုတွေ့ရပြီး ထိုအထဲတွင်(၇၃) သန်းခန့်သည် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများ ဖြစ်နေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ကမ္ဘာပေါ်ရှိ ကလေးအလုပ်သမား(၁၅၂) သန်းအနက်မှ အာဖရိကနိုင်ငံများ တွင် ၇၂ ဒသမ ၁ သန်း၊ အာရှပစိဖိတ်နိုင်ငံများတွင် ၆၂ ဒသမ ၁ သန်း၊ အမေရိကားနိုင်ငံများ တွင် ၁၀ ဒသမ၇သန်း၊ အာရပ်နိုင်ငံများတွင် ၁ ဒသမ ၂ သန်း၊ ဥရောပနိုင်ငံနှင့် အာရှ အလယ်ပိုင်း ဒေသတို့တွင် ၅ ဒသမ ၅ သန်း တို့ရှိနေသည်ကို ကမ္ဘာစစ်တမ်းများအရ လေ့လာသိရှိရကြောင်း၊ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လူငယ်ရေးရာမူဝါဒ အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်ဦးရေသည် ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်း တစ်ဘီလီယံခန့်ရှိခြင်းကြောင့် ကမ္ဘာ့လူငယ်၊ လူရွယ်ထု၏ အခြေအနေသည် ဒေသတွင်းနိုင်ငံများနှင့် လူမှုအဖွဲ့အစည်းများအကြားတွင် စီးပွားရေး၊ လူမှုရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုကွာဟမှုများနှင့် မတူကွဲပြားမှုများ ကြုံတွေ့နေရသည်ကို တွေ့ရှိရကြောင်း၊ လူငယ်များနှင့် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖန်တီးရာတွင် အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့်ကလေးများသည် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များဖြစ်ကြောင်း။ ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကုန်ထုတ်စွမ်းအားကို အထောက်အကူ ဖြစ်စေမည့် လူငယ်လူရွယ်နှင့် ကလေးများကို အလုပ်သမားအဖြစ် အသုံးပြုမှုများ ရှိနေပြီးအထူး သဖြင့် ဆင်းရဲနွမ်းပါးမှုနှင့် ဆက်စပ်၍ စိန်ခေါ်မှုများကြုံတွေ့နေရသည့် နိုင်ငံအများစုတွင် ကလေးအလုပ်သမားများကို လုပ်ငန်းခွင်များတွင် ပိုမိုအသုံးပြုနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝ မြင့်မားမှု၊ ပညာရေးဖွံ့ဖြိုး တိုးတက်မှု များသည် ကလေးအလုပ်သမား အသုံးပြုရသည့် အဓိကအခြေခံအကြောင်းအရင်းများနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း၊ ယနေ့ကမ္ဘာ့ နိုင်ငံများတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီ ဥတုပြောင်းလဲခြင်းဆိုင်ရာ Global Climate Change ၏ အကျိုးဆက်များဖြစ်သည့် မုန်တိုင်း ကြီးများဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကျရောက်မှုများကြောင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း၊ ပြည်တွင်း ပဋိပက္ခအချို့ကြောင့် ဆင်းရဲနွမ်းပါးမှုများနှင့် ရွှေ့ပြောင်းနေထိုင်ရမှုများကလည်း ဆက်စပ်နေ ကြောင်း၊ လူမှုစီးပွားရေးဘဝ အကြပ်အတည်းများမှတစ်ဆင့် ကလေး အလုပ် သမား၊ လူငယ်၊ လူရွယ်အလုပ်သမားများသည် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်သည့် အခွင့်အလမ်းများကို ရွေးချယ်နိုင်မှုမရှိဘဲ ကလေးအလုပ်သမားအဖြစ် အသုံးပြုခံနေ ရမှုများကို ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ဝမ်းနည်းဖွယ်ကြုံတွေ့ နေရကြောင်း။ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်း စီမံကိန်းကို ကဏ္ဍပေါင်းစုံ စဉ်းစားပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူကာ နေပြည်တော်ကောင်စီအပါ အဝင် တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများ၊ ဝန်ကြီးဌာနများ၊ လူမှုမိတ်ဖက် အဖွဲ့အစည်းများ၊ NGOs, INGOs များမှ စဉ်ဆက်မပြတ် အလေးထား အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ ကလေးအလုပ် သမားအများစုသည် ဆင်းရဲ နွမ်းပါးမှု၊ ပညာသင်ယူခွင့်အားနည်းမှုနှင့် မိသားစုအား ထောက်ပံ့ရန်အတွက် အိမ်တွင်း အလုပ်သမား၊ ပင်လယ်စာလုပ်ငန်း၊ အထည်ချုပ်နှင့် ခြေအိတ်စက်ရုံများအပါအဝင် ရရာအလုပ်များကို မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေကြရကြောင်း။ ကလေးများသည် ဝင်ငွေရအလုပ်အကိုင်များကို မဖြစ်မနေလုပ်ကိုင်ရန် ဖိအားများ ကြုံတွေ့နေရပြီး များသောအားဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍများတွင် ကလေးအလုပ်သမားများအဖြစ် ဆောင်ရွက်နေသည်ကိုလေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့်အဆိုပါလုပ်ငန်းခွင်များမှ ကလေးများကို ကာကွယ်စောင့်ရှောက် ပေးရန်အတွက် အမျိုးသားအဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကိုရေးဆွဲခဲ့ပြီး အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၈ ခုနှစ်ကတည်းက အဖွဲ့ဝင်(၃၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အမျိုးသားကော်မတီ၏ အစည်းအဝေးများကို (၃)ကြိမ်ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက် ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အတည်ပြုခဲ့ပြီး လုပ်ငန်း ကော်မတီ (၈)ရပ်ဖွဲ့စည်းကာ သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော် တာဝန်ကို စတင်တာဝန်ယူသည့်အချိန်မှစ၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးကိစ္စများကို အရှိန်အဟုန်မပျက်ထိရောက်စွာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်ကာအဖွဲ့ဝင်(၃၉)ဦးဖြင့် ပြန်လည်ဖွဲ့စည်း အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။ မိမိတို့နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် မိသားစုစားဝတ်နေရေးကိစ္စများအတွက် ဝင်ငွေရှာဖွေနိုင်မှုဦးရေ နည်းပါးခြင်းသည် ကလေးအလုပ်သမားများဖြစ်ပေါ်စေသည့် အကြောင်းရင်းများဖြစ်ခြင်းကြောင့် ကလေး အလုပ်သမား လျော့နည်းပပျောက်ရန်အတွက် ဆောင်ရွက်ရာ တွင် အခက်အခဲများနှင့် နိုင်ငံတကာမှ ထောက်ပြမှုများရှိနေသော်လည်း နိုင်ငံ၏ တတ်စွမ်းနိုင်သရွေ့လုပ်အားများနှင့် ကလေးအလုပ်သမားအရေးကိစ္စကို ထိရောက်စွာ ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင်ရှိသည့် စီးပွားရေး တောင့်တင်း သော နိုင်ငံကြီးများက (Generalized System of Preferences- GSP)ခေါ် ကုန်သွယ်မှု အထူးအခွင့်အရေးပေးသည့် ကိစ္စရပ်များတွင် Child Labour Issue သည် အတိုင်း အတာတစ်ခုအထိ ရိုက်ခတ်မှုရှိသကဲ့သို့ ကုန်သွယ်မှုအထူး အခွင့်အရေးသည် နိုင်ငံတော်အတွက် အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ထိရောက်သည့် အထောက်အပံ့တစ်ခုလည်းဖြစ်ကြောင်း၊ ကလေးအလုပ်သမား လျှော့ချရေး အတွက် လုပ်ဆောင်ရာတွင် ကလေးများကို လုပ်ငန်းခွင်မှရှာဖွေဖော်ထုတ် ဖယ်ရှား ပစ်ရုံသက်သက်ဖြင့် ကလေးအလုပ်သမားများပပျောက်ရန် မဖြစ်နိုင်သောကြောင့် ကလေး အလုပ်သမား လျော့နည်းပပျောက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ကျောင်းနေအရွယ်ကလေးအားလုံး အခမဲ့ကျောင်းတက်နိုင်ရေး၊ ကလေးသူငယ်များအား ကူညီစောင့်ရှောက်ပေးမည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပိုမိုအားကောင်း လာရေး၊ မိသားစုအလိုက် ဝင်ငွေတိုးတက်ရရှိခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှသာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို လုပ်ငန်းခွင်အတွင်းမှ လျော့ပါးသွားစေနိုင်မည်ဖြစ်ကြောင်း။ ယနေ့ကျင်းပသည့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီစတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီများကို အတည်ပြုပြီး လုပ်ငန်းကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလျာထားပြီး အလေးထားဆောင်ရွက်သွားရန် ပြောကြားလိုကြောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီများအနေဖြင့် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်၏ ဆောင်ရွက်ဆဲလုပ်ငန်းများကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ကာလတို ပထမ ၅ နှစ် စီမံကိန်းပါ ဦးစားပေး နယ်ပယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ကလေးများအတွက် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ ၎င်းတို့၏ မိသားစု အခြေအနေ၊ ဆင်းရဲနွမ်းပါးမှုအခြေအနေများကို ထည့်သွင်းစဉ်းစားပြီး မိမိတို့ဒေသအတွင်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် စတင်လုပ်ဆောင်နိုင်သည့် လုပ်ငန်းများကို ဦးစားပေးသတ်မှတ်ပြီး ဆောင်ရွက်သွားရန်လိုကြောင်း။ လက်ရှိမြန်မာနိုင်ငံ ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများကို အဘက်ဘက်မှ ချိန်ထိုးသုံးသပ်ပြီး အကောင်းဆုံးဆောင်ရွက်နိုင်ရန် မျှော်မှန်းကာ မြန်မာနိုင်ငံကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယနေ့တက်ရောက်လာကြသည့် အမျိုးသားကော်မတီ အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် ကလေးအလုပ်သမားပပျောက်ရေးတွင် လက်တွေ့အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ အားလုံးအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးကို အထိရောက်ဆုံး အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အပြုသဘောဆောင်သည့် နည်းလမ်းများနှင့် ဝိုင်းဝန်းညှိနှိုင်းပူးပေါင်းကြ ရန်လိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ကော်မတီအတွင်းရေးမှူး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ အမျိုးသားကော်မတီ ပြန်လည်ဖွဲ့စည်းမှု၊ လုပ်ငန်းကော်မတီ(၈)ခုနှင့် အတွင်းရေးမှူးအဖွဲ့ ပြန်လည်ဖွဲ့စည်းရန် လျာထားမှု အခြေအများကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး အလုပ်ရုံနှင့်အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက လုပ်ငန်းကော်မတီ (၈)ရပ်၏ အသေးစိတ်လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများနှင့် အကြံပြုချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အမျိုးသားကော်မတီ တွဲဖက်အတွင်းရေးမှူး အလုပ်ရုံ နှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက စတုတ္ထအကြိမ် အစည်းအဝေးတွင်ဆုံးဖြတ်ရန်အချက် (၈)ချက်ကို ရှင်းလင်းတင်ပြပြီး အစည်းအဝေး ဆုံးဖြတ်ချက်များ၊ အမျိုးသားကော်မတီ၏ လုပ်ငန်းကော်မတီနှင့် အတွင်းရေးမှူးအဖွဲ့ ပြန်လည်ဖွဲ့စည်းမှု အမိန့်ကြော်ငြာစာ(မူကြမ်း)များအား အတည်ပြုချက်ရယူသည်။ ထို့နောက် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော် မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ (သတင်းစဉ်)