နေပြည်တော် ဧပြီ ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ဧရာဝတီ တိုင်းဒေသကြီး ပညာရေးမှူး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်တာဝန်ခံ ကျောင်းအုပ် ကြီး၊ ပုသိမ်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်၊ သက်ဆိုင်ရာတာဝန်ရှိသူများအတူ ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၊ ပညာရေးဒီဂရီ ကောလိပ်နှင့် ပုသိမ်တက္ကသိုလ်များသို့ သွားရောက်၍ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ပညာရေးမှူးများ၊ ဒုတိယပါ မောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ ဘာသာရပ်ဆိုင်ရာဆရာဆရာမများနှင့် တွေ့ဆုံစဉ် ကျောင်းများ ပြန်လည် ဖွင့်လှစ်သည့်အခါ ကျောင်းသားကျောင်းသူများအနေဖြင့် ဥပဓိရုပ် ကောင်းမွန်သည့် ကျောင်းများတွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် အချိန်မီ ပြင်ဆင် ဆောင်ရွက် ထားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းနံရံများ သန့်ရှင်း သပ်ရပ်ရေး ဦးဆောင် လမ်းပြ ထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် စာရွက်စာတမ်းများ ကိုလည်း ကြေငြာသင်ပုန်းများ တွင်သာ စနစ်တကျကပ်သည့်အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါ ကြောင်း၊ မိမိကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ တင်ပြစေ လိုပါကြောင်း၊ ဆရာဆရာမ လိုအပ်ချက်များ၊ တိုင်းဒေသကြီးအတွင်း (B.Ed) ပညာရေးဘွဲ့သင်တန်း မတက်ရသေးသည့် အလယ်တန်းပြ ဆရာဆရာမများ၊ လုပ်သက်ရင့် မူလတန်းကျောင်းအုပ်များ စာရင်းပြုစု တင်ပြ ပေးရန်နှင့် ဆရာဆရာမများ၏ ပညာသင်ယူမှု အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိစေ ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မေ ၂ ရက်တွင် တက္ကသိုလ်များ၏ နွေရာသီအားလပ်ရက် ကုန်ဆုံးမည်ဖြစ်သဖြင့် မေ ၃ တွင် ဆရာဆရာမများအားလုံး တာဝန်ပြန်လည်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မေ ၅ ရက်မှစ၍ တက္ကသိုလ်များတွင် စတုတ္ထနှစ်သင်တန်းနှင့် မဟာဘွဲ့သင်တန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ သင်ကြား/စီမံဌာနများက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရမည်ဖြစ်ပါကြောင်း၊ နည်းပြ/သရုပ်ပြရာထူးများအတွက် လျှောက်လွာခေါ်ယူထားပြီးဖြစ်ရာ ရေးဖြေစာမေးပွဲ နှင့် လူတွေ့စစ်ဆေးရေးအတွက် ကြိုတင်ပြင်ဆင်ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် B.A(Law) နှင့် B.A(Eco) အထူးပြုသင်တန်းများဖွင့်လှစ်သင်ကြားရေး အတွက် စီစဉ်လျက်ရှိသဖြင့် ပြင်ဆင်ထားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ပညာရေး မိသားစု များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ထမ်းဆောင်ရမည့်တာဝန်များကို နိုင်ငံရေးကင်းရှင်းစွာဖြင့် ထမ်းဆောင်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသော ဆရာ/ဆရာမ၊ ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်လာပါက နွေးထွေးစွာ ကြိုဆို လက်ခံပေးကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းအလိုက် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီးလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)