နေပြည်တော်၊ ဧပြီ ၉
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီး လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်အရ ဧပြီ ၉ ရက် နံနက် ၁ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မှော်ဘီမြို့နယ်၊ ဘိုးဒေါနကျေးရွာနေ အေးနိုင် (၃၁)နှစ် (ဘ) ဦးယင်ထွေး၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အေးနိုင်အား မတွေ့ရှိရဘဲ ၎င်းနေအိမ်အတွင်းမှ ဓား ၂ လက်၊ ဂျင်ကလိ ၁၀ ချောင်း၊ သံပိုက်လုံး ၃ ချောင်း၊ လောက်စလုံး ၃၀ နှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း။
အလားတူ နံနက် ၅ နာရီ ၄၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တွံတေးမြို့နယ်၊ တံခွန်တိုင်ကျေးရွာနေ ကျင်စိုး (၄၉)နှစ် (ဘ) ဦးအောင်ရှိန်၏ နေအိမ်အားသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ကျင်စိုး ထံမှ လက်လုပ်ဂက်(စ်)သေနတ် ၁ လက်ကို လည်းကောင်း၊ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါကျေးရွာနေ စည်သူလွင် (၂၀)နှစ် (ဘ) ဦးဝင်းနိုင်၏ နေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်မှ စည်သူလွင်နှင့်အတူ လက်လုပ် ဂက်စ်သေနတ် ၁ လက်နှင့် ဓား အလက် ၂၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း။
ထို့အတူ နံနက် ၇ နာရီခွဲတွင် စမ်းချောင်းမြို့နယ် မြေနီကုန်းတောင်ရပ်ကွက်နေ ထွန်းထွန်း နိုင်(၅၄)နှစ် (ဘ) ဦးထွန်းဆိုင်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ထွန်းထွန်းနိုင်နှင့်အတူ ဓား ၃ လက်၊ သံတုတ် ၁ ချောင်း၊ သစ်သားတုတ် ၄ ချောင်း၊ ကင်မရာ ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
အလားတူ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လှည့်ကင်း ဆောင်ရွက်နေစဉ် ဒဂုံအရှေ့မြို့နယ်၊ (၁၃၃)ရပ်ကွက်၊ First Forture သံထည်စက်ရုံဘေး ရေမြောင်း အတွင်းမှ ပီနံအိတ်ဖြင့် ထုပ်ထားသော ဒူးလေး ၂ လက်၊ ပြုလုပ်ဆဲဒူးလေး ၇၉ လက်၊ မြှားတံ အချောင်း ၃၀၀၊ မြှားတံပြုလုပ်မည့် သံချောင်း ၁၈၅ ချောင်း၊ ဒူးလေးတွင်တပ်ဆင်မည့် သားရေကြိုး ၁၆၀၊ လောက်စာအိမ် ၁၃၅ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း။
ထို့အတူ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၉)၊ ခါတော်မီ ကွက်သစ်နေ ကျော်မင်းလတ် (၂၆)နှစ် (ဘ) ဦးမောင်ညို၏ နေအိမ်ကို သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာ ၎င်းနေအိမ်အတွင်းမှ ကျော်မင်းလတ်နှင့်အတူ လေသေနတ် ၁ လက်အား သိမ်းဆည်းရမိ ခဲ့ကြောင်း။
အလားတူ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်၊ ကွင်းကျောင်း လမ်းနှင့် ကမ်းနားလမ်းတောင့်ရှိ အမှိုက်ပုံးအနီး၌ မသင်္ကာဖွယ်အထုပ် ၁ ထုပ် တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ အမည်းရောင်ကြွပ်ကြွပ်အိတ် အတွင်းမှ အရှည် ၂ လက်မခွဲခန့်ရှိ လုံးပတ် ၁ လက်မခန့်ရှိ ကော်ပိုက်အတွင်း ယမ်းမှုန့်များထည့်၍ အပြင်ဘက်တွင် သံမှိုများကို တိပ်ဖြင့်ပတ်ထားသည့် စနက်တံပါ လက်လုပ်ဗုံး ၅ လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း။
ထို့အတူ နံနက် ၁၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် တာမွေမြို့နယ်၊ ကျားကွက်သစ်လမ်းနှင့် သတိပဌာန်လမ်းထောင့်အရောက်၌ ဒဂုံတောင်မြို့နယ်၊ (၂၂)ရပ်ကွက်နေ သက်ထက်စိုး (၁၈)နှစ် (ဘ) ဦးသက် ပါအမျိုးသား ၃ ဦးကို စစ်ဆေးခဲ့ရာ ၎င်းတို့ထံမှ စကားပြောစက် ၁ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ ကင်မရာ ၂ လုံးနှင့် ဓာတ်ငွေ့ကာမျက်မှန် ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း။
အလားတူ မွန်းလွဲ ၁၂ နာရီခွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖိုးမြေရပ်ကွက်ရှိ မိတ်ကပ်နှင့် အလှဖန်တီးရှင် မေဦး၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ မေဦးအား မတွေ့ရှိရဘဲ ၎င်းနေအိမ်အတွင်းမှ ခဲသီး ၁၀၀ ၊ ကျင်စက် ၁ ချောင်း၊ မျက်နှာဖုံးစွပ် ၁၀ ခု၊ လက်အိတ် ၆ စုံ၊ ဒူးစွပ် ၃ ခု၊ ရောင်စုံခရာ ၁၀ ခု၊ သပိတ် ၉ လုံး၊ ဓာတ်ငွေ့ကာမျက်မှန် ၃ ခု၊ ဖိုက်ဘာဦးထုပ် ၃ လုံး၊ နိုင်ငံတော်ဆန့်ကျင်ရေး လှုံဆော်စာသားများပါ ဗီနိုင်းနှင့် ကတ္ထူပြားများအား တွေ့ရှိသိမ်းဆည်း ရမိ ခဲ့ကြောင်း။
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)