Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ စမတောင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် အတွင်းရှိ လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာသို့ ၂၀၂၀-၂၀၂၁ ခု၊ ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာ၌ကျင်းပသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ သက်သက်ခိုင်နှင့် တာဝန်ရှိသူများက စမ တောင်ပရဟိတဂေဟာ ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဉာဏိန္ဒအား ဖူးမြော် ကန်တော့ပြီး ဆရာတော် အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် စမတောင် ဆရာ တော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဉာဏိန္ဒ၏ ဩဝါဒ ခံယူကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ ကာကွယ်စောင့်ရှောက်ရမည့် အုပ်စုများ ဖြစ်သည့် ကလေးသူငယ်၊ အမျိုး သမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးမူဝါဒများ ချမှတ်ပြီး စောင့်ရှောက် ပေးလျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများကို ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအနေဖြင့် ယခုကဲ့သို့ စေတနာ့ဝန်ထမ်းလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားရှိသော လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာများကို တည်ထောင်ခွင့်ပြုမိန့်များ ပေးအပ်ခြင်း၊ စောင့်ရှောက်ထားရှိသည့် လူဦးရေ အပေါ်မူ တည်၍ ဆန်၊ စားစရိတ်၊ ဝတ်စရိတ်နှင့် ဂေဟာမှူးလစာများ ပေးအပ်ခြင်းတို့ကို သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ကြေး များပေးအပ်ရခြင်းမှာ နိုင်ငံတော်ကိုယ်စား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်ပေးသည့်အတွက်ကြောင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ များကို ထောက်ပံ့ ကြေးများ ပေးအပ်ခြင်းအပြင် နည်းစနစ်မှန်ကန်စွာဖြင့် လုပ်ငန်းများ လည်ပတ် နိုင်စေရေး အတွက် နည်းပညာအကူအညီများလည်း ပေးအပ်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတော် အတွက် အဖိုးမဖြတ်နိုင်သည့် ရတနာများဖြစ်ပြီး အနာဂတ် နိုင်ငံတော်ကို ဦးဆောင် ဦးရွက်ပြု သွားကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သောကြောင့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ကလေးသူငယ်များအားလုံး ဖွံ့ဖြိုးတိုးတက်မှုများ ဟန်ချက်ညီစွာဖြင့် ကျန်းမာပျော်ရွှင်တက်ကြွသော လူမှုဘဝ အသီးသီးကို ရရှိခံစားနိုင်စေရေးမှာ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ တာဝန်များဖြစ်ပါကြောင်း၊ ယနေ့ခေတ် တွင် တိုးတက်လာသည့် နိုင်ငံ၏လူဦးရေနှင့် ပိုမိုများပြား ရှုပ်ထွေးလာသည့် လူမှုရေးပြဿနာများကြောင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများမှာ ယခင်ကထက် ပိုမိုပြီး ဆောင်ရွက်ပံ့ပိုးပေးရန် လိုအပ် လျက်ရှိပြီး မလိုလားအပ်သော လူမှုရေးပြဿနာများ၊ အခက်အခဲများကြောင့် ကလေး သူငယ်များမှာ သင်တန်း ကျောင်း၊ ဂေဟာများ၌ နေထိုင်ရမှု တိုးတက်လျက်ရှိပြီး ယင်းစိန်ခေါ်မှုများကို စနစ်တကျ ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ ပါဝင်ပြီး ဖြေရှင်းဆောင်ရွက်နိုင်ရန် ချက်ချင်း ချဉ်းကပ်ဆောင်ရွက်ခြင်းနှင့် အချိန်ယူချဉ်းကပ်ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်သွားရန် တိုက်တွန်း လိုပါကြောင်း၊ ပရဟိတဂေဟာများရှိ ပြုစုစောင့်ရှောက်ထားရှိသော ကလေးသူငယ်များအပါအဝင် တစ်နိုင်ငံလုံးရှိ ကလေးသူငယ်များအားလုံး ဖွံ့ဖြိုးတိုးတက်မှုများ ပုံမှန်ရရှိ၍ မြန်မာ့လူမှု ကာကွယ်စောင့်ရှောက်ရေးစနစ်၏ အသီးအပွင့်များကို ရရှိခံစားနိုင်ကြပါစေရန် ဆုတောင်း မေတ္တာများ ပို့သအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်ပြီး စမတောင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ဂေဟာမှူးက ဂေဟာ၏ လုပ်ငန်းစဉ်များ ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ကြေးများကို ဂေဟာမှူးထံသို့ ပေးအပ်သည်။ ထို့နောက် နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးက ထောက်ပံ့ကြေးများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက ဂေဟာအတွင်းရှိ ကလေးများ စားရိပ်သာနှင့် ချက်ပြုတ်ရန်အတွက် ပြင်ဆင်ထားရှိမှု ၊ ဂေဟာ အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ တည်ထောင် ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းရှိ ကလေးများ သင်ကြားလေ့ကျင့်ရေးဆောင်ရွက်နေမှု ၊ ရင်ခွင်ပိုက် ကလေးငယ်များအား ပြုစုစောင့်ရှောက်ထားရှိမှုများနှင့် ဂေဟာအတွင်းရှိ အခြေခံပညာ အလယ်တန်း ကျောင်း တို့ကို လှည့်လည်ကြည့်ရှု၍ ကလေးများကို ရင်းနှီးချစ်ခင်စွာ နှုတ်ဆက်ကာ အရုပ်နှင့် မုန့်များ လက်ဆောင်ပေးအပ်ကြသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန (၃)ခုမှ အရာထမ်း၊ အမှုထမ်းများက မြန်မာ့ရိုးရာအတာသင်္ကြန် ကြိုဆိုပွဲအခမ်းအနားကို ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နှစ်သစ်ကူးဆုတောင်း စကားပြောကြားခြင်း၊ ဝန်ထမ်းများက သင်္ကြန်ရိုးရာ ယိမ်း အကများဖြင့် ကပြဖျော်ဖြေခြင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုငွေချီးမြှင့်ခြင်းနှင့် နှစ်သစ်ကူးအတာ ရေဖြင့် ပက်ဖျန်းဆုတောင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)