နေပြည်တော်၊မတ် ၂၅
မူပိုင်ခွင့် ဦးစီးဌာန၏ မူပိုင်ခွင့်ဆိုင်ရာဥပဒေများအရ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီမှ ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က မူပိုင်ခွင့်ဦးစီးဌာနသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည့် ဌာနသစ်တစ်ခုဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ (၄) ရပ်ကို စတင်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ မူပိုင်ခွင့် ဆိုင်ရာ ဥပဒေများသည် အသစ်ဖြစ်သည့်အားလျှော်စွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင် ရန် ဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လူ့စွမ်းအားအရင်း အမြစ် ဆိုင်ရာများ၊ ရုံးအဆောက်အဦနှင့် ဘတ်ဂျက်ဆိုင်ရာကိစ္စများကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဥပဒေများ အာဏာသက်ဝင် ရန်ဆောင် ရွက်ခြင်းနှင့် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း လိုအပ် သည်များဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း ၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွား ရန် လိုအပ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး အမြဲတမ်း အတွင်း ဝန်နှင့် မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ(၄) ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ နည်းဥပဒေရေးဆွဲခြင်း၊ ကုန်အမှတ်တံဆိပ် မှတ်ပုံ တင်ခြင်းအတွက်ပုံစံများ၊ အခကြေးငွေသတ်မှတ်နိုင်ရေးကိစ္စများနှင့် ဥပဒေအာဏာသက် ဝင်ရန် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)