Skip to main content

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၂၅ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ ရန်ပုံငွေစီမံခန့်ခွဲ ရေးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြန်လည် ထူထောင်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ မူလ လုပ်ငန်းတာဝန်များ အရှိန်အဟုန်မပြတ် ဆက်လက်၍ ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်း ညှိနှိုင်းဆောင် ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခင်မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံ တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းများ ခေတ္တဆိုင်းငံ့ထားခဲ့ရပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်းကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းများ ကိုလည်းအရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဦးစီးဌာနများ အနေဖြင့် မည်သည့် လုပ်ငန်း များတွင် စိန်ခေါ်မှုများရှိနေသည်ကို ပြန်လည်သုံးသပ်ပြီး ဖြေရှင်းရမည့်နည်းလမ်းများကို ဖော်ထုတ်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရ မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ပါဝင်အကြံပြုဆွေးနွေးနိုင်ပါကြောင်း ပြောကြား သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က မိမိတို့ဝန်ကြီးဌာနသည် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်ရသော ဌာနဖြစ်သဖြင့် ဆောင်ရွက်နေရ သည့် လုပ်ငန်းများကို ရပ်တန့်၍မရပါကြောင်း၊ ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်တန့်နေသော လုပ်ငန်း များရှိပါက လည်း ပြန်လည်သုံးသပ်၍ နည်းလမ်းဖော်ထုတ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် အတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆက်စပ်ဝန်ကြီး ဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဦးရဲမျိုးဝင်းက မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ယခင်ဖွဲ့စည်းထားရှိခဲ့သည့် ကော်မတီ၊ အဖွဲ့များ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန် များ၊ ပါဝင်ဖွဲ့စည်းထားသော ဝန်ကြီးဌာန၊ လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့များ၏ ပါဝင်မှုအခြေအနေ နှင့် ယခုပြင်ဆင်ဖွဲ့စည်းလိုသည့် ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရ သည်။ (သတင်းစဉ်)