Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများ ခန့်ထား နိုင်ရေးနှင့် လုပ်အားခများ တိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မတ် ၂၅ တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများခန့်ထားနိုင်ရေးနှင့် ဆရာ/ဆရာမများ၏ လုပ်အားခ များ တိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ် ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။ အစည်းအဝေးသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မတ် ၁၅ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် တိုင်းရင်း သားစာပေ သင်ကြားနေသည့် ဆရာ/ ဆရာမများအပါအဝင် ဆရာ/ ဆရာမ များအား အဆင့်နှင့် လျော်ညီစွာ ပိုမိုထောက်ပံ့ပေးနိုင်ရန်နှင့် တိုင်းရင်းသားဒေသများ ပညာရည် မြင့်မားရေးအတွက် တိုင်းရင်းသား ဒေသများရှိ ဆရာ/ဆရာမများ အရည်အသွေး မြင့်မားရေး ဆောင်ရွက်ပေးရန် လမ်းညွှန်ချက်အရ ယခုကဲ့သို့ အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း။ မတ် ၄ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော တိုင်းရင်း သားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်း အဝေး အမှတ်စဉ် (၂/၂၀၂၁) အစည်းအဝေးတွင်လည်း တိုင်းရင်းသားများအနေဖြင့် မိမိဘာသာ စကားတတ်မြောက် မှုနှင့် ကျွမ်းကျင်မှု နည်းပါးလာသည့်အတွက် Language Teacher နှင့် Teaching Assistant များအား အခြေခံပညာကျောင်းများရှိ ဆရာ/ ဆရာမများနည်းတူ လုပ်အားခများ ပိုမိုပံ့ပိုးပေးနိုင်ရန် ဆွေးနွေး ခဲ့ပါကြောင်း၊ အဆိုပါ လမ်းညွှန်ချက်နှင့် ဆွေးနွေးချက် များအရ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားဒေသများတွင် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာပြ ဆရာများ ခန့်ထားနိုင်ပါရန်နှင့် Teaching Assistant ဆရာမများ၏ လုပ်အားခများ တိုးမြှင့်ပေးနိုင်ရေး တင်ပြချက်အပေါ် ညှိနှိုင်း ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပါကြောင်း။ ပညာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင် ရွက်မှုဖြင့် တိုင်းရင်း သားများ၏ စာပေသင်ကြားမှုများတွင် ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား များအတွက် တိုင်းရင်းသား ဘာသာစာပေသာမက ကျောင်းသင်ဘာ သာရပ်များ သင်ကြားရာတွင် အထောက်အကူပြု နေ့စားလပေးဆရာ/ဆရာမ Teaching Assistantနှင့် တိုင်းရင်းသားဘာသာသင် Language Teacher များ၏ လျှောက်လွှာများကို တိုင်းရင်း သားလူမျိုးများ ရေးရာဝန်ကြီးဌာနမှ စိစစ်ပြီး ပညာရေးဝန်ကြီးဌာနမှ ခန့်ထားပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ Teaching Assistant နေ့စားလပေး ဆရာ/ ဆရာမများအနက် အရည်အချင်း ကိုက်ညီသူများကို အမြဲတမ်း ဝန်ထမ်းများအဖြစ် ခန့်ထားပေးလျက်ရှိကြောင်းကိုလည်း သိရှိရပါ ကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် Teaching Assistant (၄၇၈၃)ဦးနှင့် Language Teacher (၃၇၈)ဦး စုစုပေါင်း (၅၁၆၁)ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Teaching Assistant (၆၉၃၅) ဦးနှင့် Language Teacher (၁၇၅) ဦး စုစုပေါင်း (၇၁၁၀) ဦး ခန့်ထားပေးခဲ့ပါကြောင်း၊ မည်သို့ပင်ဆောင် ရွက်ပေးစေကာမူ အကြောင်းအမျိုးမျိုး ကြောင့် အလုပ်ဝင်ရောက်ရန် ပျက်ကွက်မှုများကိုလည်း တွေ့ရှိရပါကြောင်း၊ အဆိုပါ ပျက်ကွက်သည့်နေရာများတွင် အစားထိုးခန့်ထားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကိုလည်း တွေ့ရှိရပါကြောင်း။ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီး ဌာနအနေဖြင့် ပညာရေး ဝန်ကြီးဌာနသို့ တိုင်းရင်း သားဘာသာသင်ကြားနေသည့် အမြဲတမ်းဝန်ထမ်း ဆရာ/ ဆရာမများ နေရာတွင် အစားထိုးခန့် ထားနိုင်ရေး Teaching Assistant/ Language Teacher စုစုပေါင်း (၂၀၅၆)ဦး၏ စာရင်းအား ပေးပို့ ထားပြီးလည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာစာပေသာမက ကျောင်းသင် ဘာသာရပ်များ သင်ကြားရာတွင် အထောက်အကူပြု နေ့စားလပေး Teaching Assistant ဆရာ/ ဆရာမများသည် နိုင်ငံတော်က သတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခလစာ ဖြစ်သည့် (၁)ရက် ၄၈၀ဝိ/- နှုန်းဖြင့် ရရှိခံစားလျက် ရှိသည်ကို သိရှိရပါကြောင်း၊ အဆိုပါ Teaching Assistant ဆရာ/ ဆရာမများအနက် အရည်အချင်းကိုက်ညီသူများကို အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားပေး လျက်ရှိပြီး ပိုမိုခန့် ထားပေးပါက ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်း၊ သို့သော်လည်း တိုင်းရင်းသား ဘာသာသင် Language Teacher များအနေဖြင့် ထောက်ပံ့ငွေ ၃၀၀၀ဝိ/- သာ ရရှိသည့်အတွက် အခက်အခဲ များရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ပြီး အင်မတန်နည်းပါးသည့် ပမာဏဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများအနေဖြင့် မိမိတို့ တိုင်းရင်းသားဘာသာစကား တတ်ကျွမ်းမှု ပိုမိုနည်းပါးလာပါ ကြောင်း၊ အကြောင်းရင်းမှာ သင်ကြားပေးမည့်သူများ နည်းပါးခြင်း ကြောင့်လည်း ဖြစ်နိုင်ပါ ကြောင်း။ ထို့ကြောင့် သင်ကြားပေးသည့် ဆရာ/ ဆရာမများကို ပိုမိုခန့်ထားပေးခြင်း၊ ပိုမို ပံ့ပိုးပေး ခြင်းနှင့် ပိုမိုထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Teaching Assistant/ Language Teacher ဆရာ/ ဆရာမများကို ပိုမိုထောက်ပံ့ နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း နည်းလမ်းများရှာဖွေ၍ ပိုမိုထောက်ပံ့နိုင်ရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ တိုင်းရင်းသားများအတွက် Teaching Assistant/ Language Teacher ဆရာ/ ဆရာမများ ပိုမိုခန့်ထားနိုင်ရေး၊ လုပ်အားခ များနှင့် ထောက်ပံ့ငွေများ ပိုမိုထောက်ပံ့ နိုင်ရေး၊ တိုင်းရင်းသားဘာသာ စာပေစာအုပ်များ ပိုမို ထောက်ပံ့နိုင်ရေးစသည်များနှင့် အခြားသော တိုင်းရင်းသားရေးရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ၏ တိုင်းရင်းသားဘာသာနှင့် စာပေများ ပျောက်ပျက်မှု မရှိစေရေးအတွက် အထောက်အကူပြုစေမည့် တိုင်းရင်းသား ဘာသာသင် Teaching Assistant/ Language Teacher ဆရာ/ ဆရာမများ ပိုမိုခန့်ထားရေးနှင့် လုပ်အားခနှင့် ထောက်ပံ့ငွေများ ပိုမိုတိုးမြှင့်ပေး နိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ အနေဖြင့် အလေးအနက် ထားစဉ်းစား၍ ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ တက်ရောက်လာကြသူများ အားလုံး အနေဖြင့်လည်း တိုင်းရင်းသားများ အတွက်ရှေးရှု ပြီး ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက မိမိတို့ပညာရေးဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားဘာသာစကား၊ စာပေ သင်ကြားသင်ယူမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်း သားဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အဓိကကျပါကြောင်း၊ မိမိတို့ပညာ ရေးဝန်ကြီးဌာနသည် တိုင်းရင်းသားဘာသာ စကား၊ စာပေ သင်ကြားသင်ယူမှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာသင် ဆရာ ဆရာမများအား လုပ်အားခများ တိုးမြှင့်ခန့်ထားပေးပါက နိုင်ငံတော်ကို ရန်ပုံငွေ ထပ်မံတောင်းခံရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မိမိတို့မြန်မာနိုင်ငံပထဝီနိုင်ငံရေးအရ လူဦးရေများပြားသည့် အိမ်နီး နားချင်းနိုင်ငံများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများ လွှမ်းမိုးဝင်ရောက်လာနိုင်ပါကြောင်း၊ စကားပျောက်လျှင် ယဉ်ကျေးမှု ပျောက်မည်ဖြစ်ပြီး ယဉ်ကျေးမှုပျောက်ပါက လူမျိုးပျောက်မည် ဖြစ်ပါကြောင်း၊ (၂၀၀၈) မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁) အခြေခံမူ ပုဒ်မ(၂၂) တွင် တိုင်းရင်းသားများ၏ စာပေ၊ စကား၊ ယဉ်ကျေးမှုများကို ဖော်ဆောင်ပေးရန်ဟု ဖော်ပြပါရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကလည်း Teaching Assistant/ Language Teacher ဆရာ/ ဆရာမများ၊ ဘုန်းတော်ကြီးသင် ဆရာ/ဆရာမများအား ပိုမိုထောက်ပံ့ပေးနိုင်ရေး လမ်းညွှန်ထား ပါကြောင်း၊ ထိုသို့ဖော်ဆောင်ပေးပါ က တိုင်းရင်းသားစည်းလုံးညီညွတ်မှုခိုင်မာပြီး နိုင်ငံတော် တည်ငြိမ် အေးချမ်းမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်တို့က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမများ ခန့်ထားနိုင်ရေးနှင့် Language Teacher(LT) ဆရာ/ဆရာမများ၏ လုပ်အားခများ တိုးမြှင့်ပေးနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များတို့က တိုင်းရင်းသား ဘာသာစာပေသင် နေ့စားလပေး Teaching Assistant(TA) နှင့် ဘာသာရပ်သင် ဆရာ/ဆရာမ Language Teacher(LT) များ၏ လုပ်အားခများ တိုးမြှင့်ပေးနိုင်ရေးအတွက် အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)