မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော တပ်မတော် သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို အစဉ်တစိုက် ထမ်းဆောင်လျက်ရှိပါသည်။ ထို့ကြောင့် တပ်မတော်သည် အဓိက တာဝန်ဖြစ်သည့် ကာကွယ်ရေးတာဝန်အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ထာဝရ ဦးထိပ် ပန်ဆင်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ဗမာ့တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲ၍ ကြိုးပမ်း ဆောင်ရွက် ခဲ့သောကြောင့် လွတ်လပ်ရေးကို ရရှိခဲ့သည်။ တစ်ဆက်တည်းတွင် တပ်မတော်သည် ပြည်တွင်း၊ ပြည်ပ အဖျက်အန္တရာယ် အမျိုးမျိုးကြားမှ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့သည်။ ထူးခြားချက်မှာ တပ်မတော်သည်နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရာတွင်လည်း ရှေ့ဆောင်လမ်းခင်းပေးခဲ့ခြင်းဖြစ်သည်။ လူ့ဘောင်လောကသစ် ထူထောင်မှုသည် ၁၉၄၇ ခုနှစ်က အမျိုးသားခေါင်းဆောင်များ၏ မျှော်မှန်းချက်ဖြစ်သည်။
ဤလုပ်ငန်းစဉ်ကြီး၏သမိုင်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးလှပေသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည်ဆိုသော်လည်း အယူဝါဒအမျိုးမျိုး၊ အဖျက် အမှောင့်မျိုးစုံတို့ကြောင့် ရှင်ကြီးဝမ်းထဲဝင်လိုက်၊ ရှင်ငယ်ဝမ်းထဲဝင်လိုက်နှင့် နာလန် မထူနိုင်အောင် ဖြစ်ခဲ့ရသည်ကို အားလုံးအသိပင်ဖြစ်သည်။ လွတ်လပ်ရေး ရပြီးသည့်နောက် ကာလတစ်လျှောက်လုံး မြန်မာ့သမိုင်း၏ ဟာကွက်၊ ပျော့ကွက် သဖွယ်ဖြစ်ခဲ့ရသည့် အန္တရာယ်အမျိုးမျိုးရှိခဲ့ပေသည်။ အကယ်၍သာ လွတ်လပ်ရေး ရပြီးသည်မှစ၍ မြန်မာ့လူ့ဘောင်ကို ဖြောင့်ဖြူး ချောမွေ့ အဆင်ပြေစွာ လျှောက်လှမ်း နေရပါလျှင် တပ်မတော်သည် ကာကွယ်ရေးတာဝန်မှအပ တိုင်းပြည်အ ရေးတွင် ပါဝင်လာစရာအကြောင်းမရှိပေ။
တပ်မတော်သည် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နေရခြင်းသည် ကြုံတွေ့ခဲ့ရသည့် အကြောင်း ပေါင်းများ စွာ တို့ကြောင့်ဖြစ်သည်။ ပြည်ပအန္တရာယ် သည်တပ်မတော်၏ အဓိကထမ်းဆောင်ရမည့် တာဝန်ဖြစ် သော်လည်း အကြောင်း တစ်ခုမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများပင်ဖြစ်သည်။ နောက်အကြောင်း တစ်ခုမှာ တိုင်းပြည် နှင့်ပြည်သူလူထုမျက်နှာကိုမထောက်ရှုဘဲ ကိုယ့်ခံယူချက်၊ ကိုယ့်ရှု ထောင့်မှကြည့်၍ သရုပ်ဖော်ဖန်တီးမှု များဖြစ်သည်။ အခြားအကြောင်းကို ပြောပါဆို လျှင် ၁၉၈၈ ကဲ့သို့ အရေးအခင်းကြီးကြောင့် လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ကဲ့သို့ ပြဿနာများကြောင့်လည်းကောင်း ဆောင်ရွက်နေရခြင်းဖြစ်သည်။ - ပြည်သူများသည် မျက်မှောက်မြန်မာ့နိုင်ငံရေးသမိုင်းဟု ခေါ်ဆိုရမည့် လွတ်လပ်ရေးခေတ်၊ တစ်နည်းအားဖြင့် စစ်ပြီးခေတ်ကို သိရှိနိုင်ကြမည်မဟုတ်ပေ။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်က ဦးဆောင်လုပ်ကိုင်ခဲ့သည့် ခေတ်ကာလနှင့် အကြောင်း များကိုသာ အမျိုးမျိုးမြင်နေကြမည်ဖြစ်သည်။ ခေတ်ကာလများအတွင်း ပေါ်ပေါက်လာခဲ့သည့် အကြောင်း တရားများကိုမမြင်ဘဲ တပ်မတော်က နိုင်ငံ့တာဝန် ယူခဲ့သည်ကိုသာမြင်နေသည်။ တပ်မတော်သည် လွတ်လပ်ရေးကို ရယူခြင်း၊ လွတ်လပ်ရေးကိုကာကွယ်ခြင်းနှင့် နိုင်ငံတော်အတွက် ရပ်တည်၍ ပြည်သူတို့ အတွက် တရားမျှတသည့်အေးချမ်းသာယာဝပြောသောလူ့ဘောင်ထူထောင်ခြင်းတွင် အဓိကအားဖြင့်ဆောင်ရွက်၍ မြန်မာ့သမိုင်းကြောင်းကို မှန်မှန်ကန်ကန် ရေးထိုး သွားမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် တပ်မတော်သည် နိုင်ငံတော်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်၍ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးကို သွေဖည်စေသည့် လုပ်ဆောင်မှုများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေသည် မှာလည်း သမိုင်းပေးတာဝန်ဖြစ်ပေသည်။ (၇၆) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်တွင် အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေး(၃)ပါးကို ဆက်လက်ထိန်းသိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနှင့်အညီ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်မှုမရှိစေရန် ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ တပ်မတော်က ကာကွယ် ထိန်းသိမ်းပေးရေး ဦးတည်ချက်ချမှတ်ထားသည်။
သို့ဖြစ်ရာ တပ်မတော်သည် သမိုင်းကြောင်းအစဉ်အလာကောင်းများရှိခဲ့သည် နှင့်အညီ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး (၇၆)နှစ်မြောက် တပ်မတော် နေ့ဦးတည်ချက်တွင်ပါရှိသည့် သဘာဝဘေးအန္တရာယ် ကျရောက်မှု အပါအဝင် ပြည်သူများအပေါ် ကျရောက်လာသည့် အန္တရာယ်မှန်သမျှကို မည်သည့်အခြေအနေ မည်သည့် အချိန်အခါတွင်မဆို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြည်သူလူထု၏ လူနေမှုဘဝ လုံခြုံရေးကိုပါ ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။ ။