Skip to main content

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိသူများနှင့် အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၄ ၂၀၂၁ ခုနှစ် မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းထားရှိကြောင်း သတင်းအရ မကွေးမြို့၊ မဲထီးလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ယခင်လက်နက်မှုဖြင့်ထောင်ကျဘူးသူ မင်းထင်ကျော် (၂၇)နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မင်းထင်ကျော်အား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းနေအိမ် အိပ်ခန်းအတွင်းမှ ၅.၅၆ ကျည်ဖြင့် ပစ်ခတ်၍ရသောလက်လုပ်သေနတ် ၂ လက်၊ မှန်ပြောင်းပါလေသေနတ် ၂ လက်၊ မှန်ပြောင်းပါ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ပစ္စတိုပုံစံလေသေနတ် ၁ လက်၊ စုစုပေါင်းသေနတ် ၆ လက်၊ ၅.၅၆ ကျည် ၁၀၄ တောင့်၊ ၎င်းကျည်ခွံ ၁ ခု၊ ၇.၆၂ ကျည် ၉ တောင့်၊ ကျည်ခွံ ၁ ခု၊ လေသေနတ် ကျည် ၂ ဘူး၊ ပွိုင့် ၂၂ ကျည် ၄ တောင့်၊ ၎င်းကျည်ခွံ ၃၄ ခု၊ ဓားမြောင် ၂ ချောင်း၊ ဓားရှည် ၄ လက်၊ သံစင်္ကြာ ၁ ခု၊ လက်နက်ဆက်စပ်ပစ္စည်းများပါဗူး ၁ ဗူး၊ ဆေးခြောက်(အလေးချိန် စိစစ်ဆဲ) ထည့်ထားသော ကော်ဗူး ၅ ဗူးနှင့် ဖန်ပုလင်း ၂ လုံး၊ ဆေးခြောက်ရှူကိရိယာ ၁ ခုတို့အား သိမ်းဆည်း ရမိခဲ့ပါသည်။ ဆက်လက်၍ ဆက်စပ်သတင်းအရ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် မကွေးမြို့၊ ဈေးလမ်းဆုံရပ်ကွက်၊ ပန်းခြံအနောက်လမ်းနေ ဟေမာန်အောင် (၃၀)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ဟေမာန်အောင်အား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းနေအိမ်အိပ်ခန်းအတွင်းမှ .JD 007 နံပါတ်ပါ ပွိုင့် ၂၂ သေနတ် ၁လက်၊ အမျိုးအစား(စိစစ်ဆဲ) သေနတ်အတို ၁ လက်၊ စုစုပေါင်းသေနတ် ၂ လက်၊ ပွိုင့် ၂၂ ကျည် ၄၉ တောင့်၊ ပွိုင့် ၂၂ ကျည်ကဒ် ၂ ခု၊ စနိုက်ပါဆက်စပ်ပစ္စည်း ၁ စုံ၊ သံစင်္ကြာ ၁ ခု၊ ဓားရှည် ၂ ချောင်းနှင့် ခေါက်ဓား ၁ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ပါသည်။ အထက်ပါဖြစ်စဉ်များမှ လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိသူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။