Skip to main content

အဂတိလိုက်စားမှုများ ဖယ်ရှားရှင်းလင်း

အဂတိလိုက်စားမှုဟု ဆိုလိုက်သည်နှင့် ကိုယ်ကျင့်တရား ချွတ်ချော်တိမ်းပါးမှု ဟူ၍ ယေဘုယျ နားလည် ထားကြသည်။ စင်စစ်အားဖြင့်မူ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်မှာ ကိုယ်ကျင့် သိက္ခာပိုင်းသာမက ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေ ရေးရာတို့အထိ အကျုံးဝင်ပြီး အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် အကျိုးဆက်များမှာ မယုံနိုင်စရာကောင်းလောက်အောင်ပင် ကြီးမားကျယ်ပြန့်သည်။ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ကို ဖွင့်ဆိုမှုအများအပြားရှိနေပြီး ယေဘုယျအားဖြင့် “ယုံကြည်အပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးစီးပွား အတွက် အလွဲသုံးစားပြုခြင်း”ဟူ၍ အနက်ဖွင့်ကြသည်။ အဂတိလိုက်စားမှုများသည် နိုင်ငံတကာတွင်ရော မိမိတို့နိုင်ငံ မှာပါ ရှေးယခင်ကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် လည်း ဆက်လက်ပျံ့နှံ့တည်ရှိနေဆဲဖြစ်သည်။ အောက်ခြေအဆင့် ဝန်ထမ်းများအတွင်း “အသေးစား အဂတိ လိုက်စားမှုများ”ရှိနေ တတ်ပြီး ပမာဏများပြားသည့် အဂတိလိုက်စားမှုများမှာ “အကြီးစား အဂတိ လိုက်စားမှုများ”ဖြစ်သည်။ နိုင်ငံတွင် လူနည်းစု ဖြစ်သည့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့၏ အကျိုး စီးပွားအတွက် အစိုးရခေါင်းဆောင်ပိုင်း သို့မဟုတ် ဥပဒေပြု အဖွဲ့အစည်းပိုင်းတို့နှင့် ပေါင်းကာ အများ ပြည်သူ အကျိုးစီးပွားကို ဆန့်ကျင်လျက် ဦးစားပေးခံစားခွင့်တို့ကို ရယူခြင်းကမူ “နိုင်ငံ အဆင့် အဂတိလိုက်စားမှု”ကို ကျူးလွန်ခြင်းပင်ဖြစ်သည်။ နိုင်ငံ အဆင့် အဂတိလိုက်စားမှုများက နိုင်ငံ၏ အရင်းအမြစ်များမှ ထွက်ပေါ် လာသည့် အကျိုးစီးပွားများကို လူတစ်စု၏ လက်ထဲသို့ သာ ရောက်ရှိသွားစေပြီး နိုင်ငံစီးပွားဖွံ့ ဖြိုးတိုးတက်မှု၊ ဆင်းရဲ ချမ်းသာကွာဟမှု၊ ဝင်ငွေခွဲဝေမှု စသည်တို့အပေါ်တွင် ကြီးမား သည့် သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ နိုင်ဂျီးရီးယားတွင် ရှဲလ်နိုင်ငံတကာရေနံကုမ္ပဏီသည် အခွန် ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ၁ ဘီလီယံကျော်ကို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေသို့ မပေးသွင်းခဲ့ဘဲ အဂတိလိုက်စားမှု ကျူးလွန် သည့် အစိုးရအရာရှိများထံ လာဘ်ထိုး ခဲ့ခြင်းကြောင့် နိုင်ဂျီးရီးယား ပြည်သူများထံ အထောက်အပံ့ပေးမည့် လုပ်ငန်းများကို ထိခိုက် စေခဲ့ကြောင်း ဂလိုဘယ်ဝစ်နက်စ်အဖွဲ့အစည်းက ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် အစီရင်ခံစာက ဖော်ပြခဲ့သည်။ တစ်ဖန် ၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင်လည်း ရေနံချမ်းသာကြွယ်ဝသည့် နိုင်ငံများ၏ လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်သည် အဆိုးရွားဆုံးသော ဆင်းရဲနွမ်းပါးမှုနှင့် ကြုံတွေ့နေရသည်ဟုဆိုထားရာ အဂတိ လိုက်စားမှုကြောင့် အခွင့်အလမ်း မညီမျှမှုများ ကြီးမားစွာ ဖြစ်ပေါ် ခဲ့သည့် သာဓကပင်ဖြစ်သည်။ အီတလီနိုင်ငံ ဂျီနိုအာတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ် လက တံတားတစ်စင်းပြိုကျပြီး လူ ၃၉ ဦး သေဆုံး ခဲ့မှုဖြစ်ပွားခဲ့ရာ စုံစမ်းစစ်ဆေးမှုများအရ ဆောက်လုပ်ရေး ကုမ္ပဏီ က အရည်အသွေးညံ့ဖျင်းသည့် ဘိလပ်မြေများကို အသုံးပြုခဲ့ ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသည် အကျိုးအမြတ်များသည့် အရင်းအမြစ်ဖြစ်ပြီး မာဖီးယားဂိုဏ်းကငွေကြေးခဝါချမှု ပြုလုပ် ရန် လမ်းကြောင်း တစ်ခုအနေဖြင့် အသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့ ရသည်။ အဂတိလိုက်စားမှုများ နိုင်ငံတစ်ခုတွင် အမြစ်တွယ်နေပါက စီးပွားရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု လျော့ပါး စေခြင်း၊ စီးပွား ရေးနှင့် နိုင်ငံရေးစနစ်များအတွင်း ဖြောင့်မတ်တည်ကြည်မှုကို လျော့ပါးစေခြင်း၊ အစိုးရနှင့် စီးပွားရေး လုပ်ငန်းများအကြား အဖွဲ့ အစည်းဆိုင်ရာ ယဉ်ကျေးမှုကို ပုံပျက်စေခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် အစွန်းရောက်မညီမျှမှုများ တိုးပွားစေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို ယိုယွင်းစေခြင်း၊ အစိုးရနှင့် ဈေးကွက်များအပေါ် ပြည်သူလူထု၏ ယုံကြည်စိတ်ချမှုကို ပျက်စီးစေခြင်း စသည့် အကျိုးသက် ရောက်မှုများ ဖြစ်ပေါ်စေသည် ဖြစ်ရာ အဂတိလိုက်စားမှု၏ ပမာဏ အသေး၊ အကြီးမှသည် နိုင်ငံအဆင့်အထိ ဖယ်ရှားရှင်းလင်းနိုင်သည်နှင့်အမျှကောင်းသည့် အကျိုးသက်ရောက်မှုများအဖြစ် ပြောင်းလဲပေါ်ထွက်လာနိုင်မည် ဖြစ်ပါကြောင်း။ ။