Skip to main content

စိတ်ခံစားချက်လျော့ပါးပြီး စိတ်ရွှင်လန်းအပန်းဖြေ

ခရီးသွားခြင်းသည် စိတ်ရွှင်လန်းအပန်းပြီး မိမိတို့၏မွန်းကျပ်နေသော စိတ်များ၊ ထွက်ပေါက် ပိတ်နေသော စိတ်များကို လျော့ပါးသက်သာစေပါသည်။ နိုင်ငံတကာမှ ပြည်သူများသည် တစ်နှစ်တစ်ခါဖြစ်စေ၊ မိမိတို့၏အားလပ်ရက်များတွင်ဖြစ်စေ၊ အပန်းဖြေခရီးထွက်ကြပြီး စိတ်ပေါ့ပါး လန်းဆန်းအပန်းပြေသောအခါ မိမိတို့၏ လုပ်ငန်းဆောင်တာများကို အတွေးသစ် အမြင်သစ်ဖြင့် ပိုမိုထွန်းသစ်အောင် လုပ်ဆောင်နိုင်ကြပါသည်။

မြန်မာနိုင်ငံမှ ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းကို ပိုမိုလိုလားနှစ်သက် ကြပါသည်။ မြန်မာနိုင်ငံသည် ဆယ့်နှစ်လရာသီ ပွဲလမ်းသဘင်များနှင့် ရှေးအစဉ် အဆက်ယဉ်ကျေးမှု အစဉ်အလာများမပျက်နိုင်ငံတစ်ဝန်းတွင် ပြုလုပ်လေ့ရှိသည်။ နိုင်ငံအနှံ့တွင် လည်ပတ်ချင်စရာ၊ အပန်းဖြေစရာနေရာဌာနများ များစွာရှိသည်။ နိုင်ငံသူ နိုင်ငံသားများသည် တစ်နှစ်တစ်ခါ သာမက အားလပ်ရက်များ၌ တစ်ဦးချင်း အလိုက်၊ မိသားစုအစုအဖွဲ့အလိုက် သွားရောက် လည်ပတ်အပန်းဖြေလေ့ရှိကြသည်။ မိမိတို့ဘဝများကို ပျော်ရွှင်ချမ်းမြေ့စရာများတွင် ပိုမိုအချိန် ပေးလေ့ရှိကြသည်။

မျက်မှောက်ကာလတွင် ပြည်သူများမှာ အဆိုပါ အခွင့်အရေးများနှင့် ဝေးကွာ လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာသဖြင့် ကူးစက်ရောဂါ ဘေးဆိုင်ရာ ထုတ်ပြန် ထားသော ကျန်းမာရေးစည်းမျဉ်း၊ စည်းကမ်းဥပဒေသတ်မှတ် ချက်များအရ နေအိမ်တွင်သာ နေထိုင်ရေးအစီအစဉ်ကို လိုက်နာဆောင်ရွက်ရခြင်း၊ အသွားအလာများကန့်သတ်ထားခြင်း၊ လည်ပတ်စရာနေရာများ၊ အပန်းဖြေစရာ နေရာများကို ခေတ္တပိတ်သိမ်းထားခြင်းတို့ကြောင့် တစ်နှစ်တာကာလတစ်လျှောက် လုံး မိမိတို့၏ စိတ်လွတ်လပ်မှုများကို ချုပ်တည်းထားရသည်။ စိတ်မလွတ်လပ်မှု၊ စိတ်ကျဉ်းကျပ်မှုများနှင့်ကြာရှည်နေလာရာမှ ၂၀၂၁ ခုနှစ်တွင် မလွှဲမရှောင် သာသော နိုင်ငံရေး အပြောင်းအလဲများနှင့်ထပ်မံကြုံတွေ့ရသောအခါ မိမိတို့စိတ်ထွက်ပေါက် များကို လွဲမှားသောဘက်များသို့ အချို့ပြည်သူများအနေဖြင့် လမ်းလွဲရောက်ရှိ သွားကြသည်။ ယခုအခါ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးနိုင်ရေး၊ ခရီးသွားဧည့်သည်များနှင့် အဓိကထိတွေ့မည့် ဟိုတယ်လုပ်ငန်းများ၊ ဧည့်လမ်းညွှန် လုပ်ငန်းများ ကို ကိုဗစ်-၁၉ ကာကွယ်ဆေး အမြန်ထိုးနှံပေးနိုင်ရေး၊ စားသောက်ဆိုင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ခရီးသွားနေရာဌာနများကို ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးနှင့် ခရီးသွား လုပ်ငန်း တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်နေသည်ကို တွေ့ရသည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ခရီးသွားလုပ်ငန်းများ အမြန်ဆုံးပြန်လည် စတင်သွားရေးကိစ္စများကို အထူးအလေးအနက်ထား မှာကြားထားသည်နှင့်အညီ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများအနေဖြင့်လည်း လုပ်ငန်းများ အမြန်ဆုံးအကောင်အထည် ပေါ်လာစေရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ခရီးသွားဧည့်သည်များ ကိုဗစ်-၁၉ ရောဂါ ကင်းစင်စွာဖြင့် စိတ်ချလက်ချ သွားလာနေထိုင်လည်ပတ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ သတ်မှတ်ချက်နှင့်အညီ ပြည်သူများ အမြန်ဆုံးလည်ပတ်နိုင်ရန် ဆောင်ရွက်ကြ ရမည် ဖြစ်သည်။ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးသွား လုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လွတ်လွတ်လပ်လပ် ခရီးသွားနိုင်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပေး ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ ။

တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများအနေဖြင့်လည်း လုပ်ငန်းရှင်များ ဆောင်ရွက်လိုသည့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စများကို ကူညီဖြည့်ဆည်းပေး လျက်ရှိသည်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းပါဝင်ကူညီ

ဆောင်ရွက်ကြရမည်ဖြစ်သည်။ တာဝန်ရှိသူများအနေဖြင့် ခရီးသွားနယ်ပယ်အလိုက် ပြည်သူများနှင့် လုပ်ငန်းရှင်များ၏အသံကို နားထောင်၍ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရမည့်အခြေအနေမှန်ကို ဖော်ထုတ်ကြရမည်ဖြစ်သည်။ ။

ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ခရီးသွားချေးငွေများကို ဆိုင်းငံ့ပေးထားပြီး လိုအပ်သောပံ့ပိုးကူညီပေးမှုများဖြင့် လုပ်ငန်းများအမြန်ဆုံး အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ ထို့အပြင် ပြည်တွင်းခရီးသွားလုပ်ငန်းများသာမက နယ်စပ် ဖြတ်ကျော် ခရီးသွားလုပ်ငန်းများ ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်တွင်းဘုရားဖူးလုပ်ငန်းများ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေး၊ ခရီးစဉ်အသစ်များ ဖော်ထုတ်နိုင်ရေးတို့ကို ဝိုင်းဝန်း အကြံပေးကာ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။  

သို့ဖြစ်ရာ မကြာမီကာလတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ပွဲလမ်းသဘင်များ၊ အလည်အပတ်ခရီးများတွင် ပြည်သူများစိတ်နှလုံး ချမ်းမြေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖန်တီးပေးလျက်ရှိသည့် ခရီးသွားလည်ပတ်ရေး အစီအစဉ်များတွင် ဥပဒေစည်းကမ်းများကို လိုက်နာပြီး မိမိတို့ စိတ်မွန်းကျပ်မှုများကို ပြေလျော့နိုင်ရေး ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။