နေပြည်တော် မတ် ၂၀
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ် အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၈၃၆၄၈ ဦး၊ အတွင်းလူနာ ၄ဝဝ၁ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေ စေရန်အတွက်ကိုပါ စီမံဆောင်ရွက် ပေးသည်။
“ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစားခွဲစိတ် ကုသရန် လိုအပ်သူ ၃၈၇၄ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၂၀၆၅ ဦး စုစုပေါင်း ၅၉၃၉ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။
၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီး တွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၂၁၄၂ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၃၁၈၄ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၅၃၂၆ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် မျက်စိရောဂါဖြင့် လာရောက်ဆေးကုသမှုခံယူလျက်ရှိသော ဒေသခံတိုင်းရင်းသားပြည်သူများကို မျက်စိစမ်းသပ် ကုသပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်ကုသမှုများ ခံယူခဲ့သည့် အတွင်းတိမ်မျက်စိ လူနာများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ကြည့်ရှုပြီး ဆေးမျက်မှန်များတပ်ဆင်ပေးကာ ထောက်ပံ့ငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။ ၎င်းအပြင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် လာရောက် ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများ သွေးလိုအပ်မှုမရှိစေရေး အတွက် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံတပ်မတော် သားများက စုပေါင်းသွေးလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။ ယင်းသို့ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှု အခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာ များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်