Skip to main content

လူစုလူဝေးများဖြင့် စုဝေးဆန္ဒပြသူများအား အင်းစိန်အကျဉ်းထောင်တွင် ခေတ္တထိန်းသိမ်း ထားရာမှ နေရပ် အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်

နေပြည်တော် မတ် ၂ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အသီးသီးတွင် လူစုလူဝေးများဖြင့် စုဝေးဆန္ဒပြသူများအား တာဝန်ရှိသူများက ဆုံးမ စကားပြောကြားပြီး အင်းစိန်အကျဉ်းထောင်တွင် ခေတ္တထိန်းသိမ်း ထားရာမှ နေရပ်အသီးသီးသို့ မော်တော် ယာဉ်များဖြင့် ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်မှ ရပ်ကွက်၊ ကျေးရွာများအဆင့်အထိ စီမံအုပ်ချုပ်ရေး အဖွဲ့များ ခန့်အပ် တာဝန်ပေး အပ်ခဲ့ရာ တည်ငြိမ်အေးချမ်းရေးကို မလိုလားသူတို့က အုပ်စုဖွဲ့လျက် ဖိအားပေးခြိမ်းခြောက်ခြင်း၊ အသက် အန္တရာယ် ရှိစေသည်အထိ ရန်ပြုခြင်း၊ အုပ်စုဖွဲ့ရမ်းကား ဆန္ဒပြခြင်း၊ အုပ်ချုပ်ရေးရုံးများရှိ ဆိုင်းဘုတ်များ ဖြုတ်ချခြင်း၊ ရုံးမတက်နိုင်စေရန် တားဆီး ပိတ်ဆို့မှုများနှင့် အစိုးရယန္တရား ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ထိပ်တိုက်ရင်ဆိုင်သည့် ပုံစံဖြင့် ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာကြောင်း။ ထိုသို့ပြုလုပ်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများက သတ်မှတ် ညွှန်ကြားချက် များနှင့်အညီ လူစုခွဲနိုင်ရေး အကြိမ်ကြိမ်သတိပေးညှိနှိုင်း ဖြေလျော့ခြင်းများ ဆောင်ရွက်သော်လည်း လိုက်နာမှုမရှိ အကြမ်းဖက်ဆန်စွာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုလာပြီး လုံခြုံရေးတပ်ဖွဲ့အနေဖြင့် နီးကပ်စွာ ထိပ်တိုက် ရင်ဆိုင်ကာ ရန်ပြုခံရသည့်အခြေအနေသို့ ရောက်ရှိလာခဲ့သဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုး စီးပွားကို ဦးတည်ပြီး မဖြစ်မနေ ထိန်းသိမ်းရန်လိုအပ်သဖြင့် ဥပဒေနှင့်အညီ ခေတ္တထိန်းသိမ်း ခဲ့ရသည်။ ထိုကဲ့သို့ထိန်းသိမ်းထားသူများမှာ ကမာရွတ်မြို့နယ် လှည်းတန်း၊ သာကေတ၊ တာမွေ၊ စမ်းချောင်း၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ လှိုင်၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ ဗဟန်း၊ မြောက်ဥက္ကလာပ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ ကြည်မြင်တိုင် မြို့နယ်များမှ အမျိုးသား ၂၂၄ ဦး၊ အမျိုးသမီး ၂၈၇ ဦး၊ စုစုပေါင်း ၅၁၁ ဦးတို့ဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်ပေးမှုဖြင့် တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ YBS မော်တော်ယာဉ်ကြီး ၉ စီးဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ (သတင်းစဉ်)