Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ လူစုလူဝေးဖြင့် ဆူပူဆန္ဒပြ အကြမ်းဖက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်(၄)ဦးနှင့် အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မတ် ၂ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ လူစုလူဝေးဖြင့် ဆူပူဆန္ဒပြ အကြမ်းဖက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်(၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒသမ ၁၂ ဗို့ကျည်ထိမှန်၍ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ လူအင်အား (၁၀၀)ခန့်သည် ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်တွင် ကလေးမြို့၊ ပိတောက်လမ်းဆုံ၌ စတင် စုဝေးနေသဖြင့် အုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ပြီး အကြိမ်ကြိမ်တားမြစ်ကာ လူစုခွဲနိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း။ ဆူပူဆန္ဒပြသည့် လူစုလူဝေးသည် စတင်စုဝေးသည့်နေရာမှ လမ်းလျှောက်ထွက်ခွာ ခဲ့ပြီး လူစုလူဝေး တိုးမြှင့် ပါရှိလာကာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ကလေးမြို့၊ ဘုရင့်နောင် လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံမီးပွိုင့် အရောက်တွင် အင်အား(၁၀၀၀)ကျော်ခန့်ဖြစ်လာပြီး ကြွေးကြော် သံ အမျိုးမျိုးအော်ဟစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုအော် ဟစ်ကြွေးကြော်ခဲ့ကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တုတ်/ဒိုင်းများ အသုံးပြုကာ အသံပေး ခြောက်လှန့် နိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း။ အသံပေးခြောက်လှန့်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူဆန္ဒပြသူ လူစုလူဝေး အတွင်းရှိ အကြမ်းဖက် လိုသူများက ကိုင်ဆောင်လာသည့် ပလတ်စတစ်ဒိုင်းကာများ၊ ခဲများ၊ လောက်လေးခွများ၊ ပုလင်းများဖြင့် အကြမ်း ဖက်ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ နောက်သို့ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ဆုတ်ခွာခဲ့သည့် တပ်ဖွဲ့ဝင်များ နောက်သို့ ဆူပူအကြမ်း ဖက်လိုသည့် လူအုပ်စုသည် လူအင်အားဖြင့် ရှေ့နောက်ပိတ်ဆို့ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ ဝင်များ အား နည်းမျိုးစုံဖြင့် ရန်ပြုလာခြင်းတို့ကြောင့် မီးခိုးဗုံး၊ အသံမြည်ဗုံး၊ မျက်ရည်ယို ဗုံးများ၊ ဒသမ ၁၂ ဗို့ပြောင်းချောသေနတ်တို့ဖြင့် ပစ်ခတ်လူစုခွဲခြင်း ဆောင်ရွက်ခဲ့ရကြောင်း။ လူစုလူဝေးအတွင်း ရောက်ရှိဖြိုခွဲခဲ့ရမှု ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်(၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အချုပ် ယာဉ်ကားမှန်/ယာဉ်အဖုံးများ ပျက်စီးခဲ့ကာ အကြမ်းဖက်ဆန္ဒပြသူ လူအုပ်စု အတွင်း အကွာအဝေးနီးကပ်စွာ တည်ရှိနေမှုအရ ဒသမ ၁၂ ဗို့ကျည်ထိမှန်၍ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း။ ဖြစ်စဉ်နှင့်ပတ်သက်၍ အေးချမ်းလုံခြုံစွာနေထိုင်လိုသူ ကလေးမြို့ရှိ ပြည်သူလူထု အများစုအနေဖြင့် ထိတ်လန့် တုန်လှုပ်မှုများဖြစ်ပေါ်ကာ ၎င်းဖြစ်စဉ်အတွက် မိဘများမှမိမိတို့၏ သားသမီးများအနာဂတ်အတွက် ဝိုင်းဝန်း ထိန်းသိမ်း ကြပ်မတ်ပေးစေလိုကြောင်း ပြည်သူလူထု အများစု၏သဘောထားကို သိရှိရကြောင်း ဖော်ပြပါရှိသည်။ (သတင်းစဉ်)