Skip to main content

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ၏ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ တပ်မတော်အနေ ဖြင့် မလွှဲမရှောင်သာသော အခြေအနေများကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ၂၁-၂-၂၀၂၁ ရက်နေ့တွင် သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် နိုင်ငံတကာအဖွဲ့အစည်းအချို့၊ ပြည်ပနိုင်ငံအချို့နှင့် မီဒီယာအချို့တို့က မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို နားလည်ခြင်းမရှိဘဲ ၁-၂-၂၀၂၁ ရက်နေ့ ဖြစ်ရပ်အပေါ် စစ်အာဏာသိမ်းမှုအဖြစ် ရှုမြင်စွပ်စွဲဝေဖန်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဆူပူလှုပ်ရှားမှုများကိုလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး အုံကြွမှုအဖြစ် ပုံဖော်ဖန်တီးလျက်ရှိကြောင်း တွေ့ရသည်။ အမှန်စင်စစ်၌ ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ စတင်ကျင့်သုံးခဲ့သော ဒီမိုကရေစီ စနစ်သည် တပ်မတော်က ၂၀၀၃ ခုနှစ်မှစ၍ ချမှတ်လမ်းခင်းပေးခဲ့သော ဒီမိုကရေစီအသွင်ကူး ပြောင်းရေး ရှေ့လုပ်ငန်းစဉ် (၇) ရပ်၏ ကြိုးပမ်းမှုရလဒ်ဖြစ်သည်။ တပ်မတော်က ပြည်သူလူထု ကိုယ်စားလှယ်များကို ဖိတ်ခေါ်၍ ကျင်းပခဲ့သော အမျိုးသားညီလာခံမှ ထွက်ပေါ်လာသည့် အခြေခံမူများကို အခြေပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို အတည်ပြုနိုင်ခဲ့ပြီး ယင်း အခြေခံဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ်တွင် ပထမအကြိမ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်သန့်ရှင်းစွာ ကျင်းပကာ ပါတီစုံဒီမိုကရေစီစနစ်ကို တည်ငြိမ်အေးချမ်းစွာ စတင်အသွင် ကူးပြောင်းပေးနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နှင့် ၂၀၁၂၊ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ များကို အောင်မြင်စွာ ကျင်းပနိုင်ရန် တပ်မတော်က အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့သည်။ တပ်မတော်သည် ပါတီစုံဒီမိုကရေစီအသွင်ကူးပြောင်းရေး၏ ဗိသုကာဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၌ စည်းကမ်းပြည့်ဝ၍ ရင့်ကျက်သော ဒီမိုကရေစီတိုးတက်ဖွံ့ဖြိုးရေးကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့သည်။ ဒီမိုကရေစီလမ်းကြောင်းမှ မသွေဖယ်စေရေးအတွက်လည်း မျက်ခြေ မပြတ် စောင့်ကြည့်ထိန်းကျောင်းပေးခဲ့သည်။ ၈-၁၁-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက် ၍ မဲစာရင်းကွာဟမှု ပြဿနာများ ကြားသိတွေ့ရှိရသည့်အတွက် တပ်မတော်က မဲစာရင်းများကို စနစ်တကျ လေ့လာစိစစ်မှုများ ပြုလုပ်ခဲ့သည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (Union Election Commission - UEC)၏ တရားဝင်ထုတ်ပြန်ခဲ့သော မဲစာရင်းများအပေါ် စိစစ်တွေ့ရှိချက်များအရ မဲမသမာမှု ပြုလုပ်နိုင်သည့် မဲစာရင်းပေါင်း ၁၀,၄၈၂,၁၁၆ (ဆယ်သန်း လေးသိန်းကျော်) ရှိခဲ့သည်။ ယခင် UEC ၏ တရားဝင်ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူဦးရေ (၃၈) သန်းရှိပြီး ၄င်းအနက် (၁၀) သန်းကျော် မဲမသမာမှု ဖြစ်နိုင်ကြောင်း စိစစ်တွေ့ရှိခဲ့ရမှုမှာ မဲပေးပိုင်ခွင့်ရှိသူ လူပမာဏ၏ လေးပုံတစ်ပုံ ကျော် (၂၅ % ကျော်) ဖြစ်သည်။ မဲစာရင်းကွာဟမှုများစတင်တွေ့ရှိခဲ့သည့် အချိန်ကပင် ယခင် UEC အနေဖြင့် ဖြေရှင်း ဆောင်ရွက်ပေးရန် တပ်မတော်နှင့် နိုင်ငံရေးပါတီများက တောင်းဆိုခဲ့သော်လည်း ငြင်းဆန်ခဲ့ သည်။ မဲစာရင်း စိစစ်တွေ့ရှိချက်နှင့် စပ်လျဉ်းသည့် တပ်မတော်၏ထုတ်ပြန်ချက်များ အပေါ် တွင်လည်း ရေငုံနှုတ်ပိတ် နေခဲ့သည်။ တရားဝင်မဲစာရင်းကိုလည်း ချပြရှင်းလင်းရန် ပျက်ကွက်ခဲ့ သည်။ ရွေးကောက်ပွဲ ပြဿနာများကို လွှတ်တော်မျက်နှာစာတွင် ညှိနှိုင်းဆွေးနွေးအဖြေရှာ နိုင်ရေးအတွက် လွှတ်တော် အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပပေးရန် နိုင်ငံရေးပါတီ များနှင့် တပ်မတော်သား ကိုယ်စားလှယ်များ စုပေါင်း၍ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ အခြေခံဥပဒေနှင့်အညီ စာရေးသားပေးပို့ တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ အမှန်အားဖြင့် ပြည်ထောင်စုလွှတ်တော်နာယကအနေဖြင့် အခြေခံဥပဒေအရ အနည်း ဆုံး ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက အထူးအစည်းအဝေးခေါ်ယူရန် တောင်းဆိုပါက ငြင်းဆို ပိုင်ခွင့် မရှိပါ။ ယင်းအခြေအနေများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးအဖြေရှာနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူကျင်းပပေးရန် နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြခဲ့သော်လည်း ခေါ်ယူကျင်းပခဲ့ခြင်း မရှိပါ။ ထို့ကြောင့် အဆုံးအဖြတ်ပေးနိုင်မည့်သူထံ ကိုယ်ရေးစာဖြင့် ရေးသားပေးပို့ခဲ့သည်။ အစိုးရ အဖွဲ့ကိုယ်စားလှယ်က တပ်မတော်နှင့်လာရောက်ဆွေးနွေးသည့်အတွက် အခြေအနေ အကျိုးအကြောင်းများကို ရှင်းပြခဲ့သည်။ အစိုးရကိုယ်စားလှယ်များက တပ်မတော်မှရှင်းပြခဲ့ သည့် အခြေအနေများကို နားလည်လက်ခံသော်လည်း အဆုံးအဖြတ်ပေးနိုင်သူထံ ပြန်လည် တင်ပြသည့်အခါ အဖြေမရရှိခဲ့ပါ။ ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူကျင်းပ ပေးရန် ဒုတိယအကြိမ်တင်ပြတောင်းဆိုခဲ့သော်လည်း “သမ္မတနှင့် လွှတ်တော်တွင် ဆုံးဖြတ်ပိုင် ခွင့်မရှိ၊ UEC နှင့်သာ သက်ဆိုင်ကြောင်းနှင့် UEC နှင့်သာ ရှင်းရန်လိုသည်” စသည်ဖြင့်သာ အကြောင်းပြန်ခဲ့သည်။ တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်ကို မယိမ်းမယိုင် ပိုမိုခိုင်မာစေရေးအတွက် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှ ဝိုင်းဝန်းထိန်းကျောင်းရန် တာဝန်ရှိသည့် အားလျော်စွာ ဒီမိုကရေစီ၏အသက်ဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအပေါ် လွတ်လပ်၍ တရားမျှတမှုရှိစေရန် ဥပဒေနှင့်အညီထောက်ပြမှုများပြုလုပ်ခဲ့သည်။ ထို့အပြင် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ဖြစ်သည့် ညှိနှိုင်းအဖြေရှာသည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အာဏာပေးနှင့် အာဏာပိုင်မေး စာချွန်တော်အမိန့်လျှောက်ထားမှုများလည်း ဆုံးဖြတ်ချက်မချရသည့်အခြေ အနေတွင် လွှတ်တော်အစည်းအဝေးများအထမြောက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်း အပါအ ဝင် ရွေးကောက်ပွဲပြဿနာများအပေါ် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ၏ အခွင့်အာဏာကို ထိုက်သင့်သလို ကျင့်သုံးဆောင်ရွက်နိုင်ပါလျက် အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာမျှ မရှိလောက်အောင် ပျက်ကွက်ခဲ့ပါသည်။ ယင်းပျက်ကွက်ခဲ့မှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရပေးအပ်သော တာဝန်ကို ကျေပွန်စွာမဆောင်ရွက်ခြင်းနှင့် အခြားသော အကြောင်းကိစ္စများကို ကျူးလွန် ထားခြင်းအကြောင်းများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတ ရာထူးနေရာလစ်လပ်သည့် အခြေအနေတွင် ဒုတိယသမ္မတ(၁)မှ ယာယီသမ္မတအဖြစ်တာဝန်ယူ၍ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အပေါ် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းဆွေးနွေးကာ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော် တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်ခဲ့ခြင်းဖြစ်သည်။ မျက်မှောက်ကမ္ဘာတွင် နိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် ဆူပူဆန္ဒပြမှုများ ကို နိုင်ငံအချို့သည် ပြင်းထန်စွာ အင်အားသုံးဖြေရှင်းလေ့ရှိသော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ဆူပူဆန္ဒပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အင်အားသုံးဖြေရှင်းမှုနည်းလမ်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကာ အပြည်ပြည်ဆိုင်ရာဥပဒေ၊ ပြည်တွင်းဥပဒေများနှင့်အညီ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စနစ်တကျ ဖြေရှင်းဆောင်ရွက် လျက်ရှိသည်။ နိုင်ငံတကာတွင်ဖြစ်ပေါ်ခဲ့သည့် စစ်ဘက်မှအာဏာသိမ်းမှုများကဲ့သို့ ယနေ့မြန်မာနိုင်ငံ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှုမရှိဘဲ အခြေခံဥပဒေနှင့်အခြားတည်ဆဲဥပဒေများကို လိုက်နာဆောင်ရွက်လျက်ရှိခြင်း၊ စစ်အင်အားကို အလွန်အကျွံအသုံးပြု၍ မတည်ငြိမ်မှု၊ ဆူပူမှု များကို အပြင်းအထန် နှိမ်နင်းမှုမပြုခြင်း၊ ဒေသန္တရအုပ်ချုပ်ရေးများတွင် စစ်အုပ်ချုပ်ရေးပုံစံဖြင့် အုပ်ချုပ်မှုမရှိဘဲ အရပ်သား၊ တိုင်းရင်းသားများပါဝင်သော စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းများကို သာ ဗဟိုအဆင့်မှ အောက်ခြေအဆင့်အထိ ဖွဲ့စည်းအုပ်ချုပ်လျက်ရှိခြင်း စသည်တို့ကို ထောက်ရှုပါက လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ အရေးပေါ်ကာလတွင် နိုင်ငံတော်၏တာဝန် အရပ်ရပ်ကို ဝင်ရောက်ထိန်းသိမ်း စီမံ ဆောင်ရွက် ပေးနေခြင်းသာဖြစ်ကြောင်း ထင်ရှားလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ နိုင်ငံတော်တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ပြီး သည့်အခါ လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ပြုလုပ်ကျင်းပပေး သွားမည်ဖြစ်ပြီး အဆိုပါရွေးကောက်ပွဲတွင် အနိုင်ရ နိုင်ငံရေးပါတီအား နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်။