နေပြည်တော် ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်အား ဆန့်ကျင်ဆန္ဒပြသည့် ဦးစီးဦးဆောင်ပြုလုပ်သူများအား စစ်ဆေးဖော်ထုတ်ကာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
ပုဒ်မ (၁၄၄)အား ထုတ်ပြန်ခဲ့ပြီးဖြစ်
အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိခိုက်ပျက်ပြားမှုနှင့် ရုန်းရင်း ဆန်ခတ်မှုများ မဖြစ်ပွား စေရေးအတွက် ဖေဖော်ဝါရီ ၈ ရက်မှစ၍ မြို့နယ်အချို့တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ(၁၄၄)အား ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ အမိန့်ထုတ်ပြန်ခဲ့ပြီး သည့် ကာလနောက်ပိုင်းတွင်လည်း နိုင်ငံတော် ဆန့်ကျင်ရေးကို နည်းမျိုးစုံဖြင့်ကြိုးပမ်း လုပ်ဆောင်နေသည့် အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ(၁၄၄) ပြဋ္ဌာန်းချက်များကို ချိုးဖောက်လာပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ကို ထပ်မံထုတ်ပြန် ခဲ့ကြောင်း။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးတံတားအောက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ပင်လုံရင်ပြင်၊ တာမွေမြို့နယ် ၅ ခွဆုံ၊ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမ အနီး၊ ဗဟန်းမြို့နယ် Ocean Center ရှေ့၊ စင်ကာပူသံရုံးရှေ့၊ အင်လျားမြိုင်လမ်းထိပ်၊ ကမာရွတ်မြို့နယ် အင်းစိန်လမ်း စံရိပ်ငြိမ်မှတ်တိုင်အနီးတို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြိမ်ကြိမ်သတိပေး တားမြစ်ခဲ့သော်လည်း လူစုကွဲမှု မရှိသဖြင့် နေရာအချို့တွင် အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ပြီး ဆူပူအော်ဟစ် ဆန္ဒပြသူ အမျိုးသား(၁၀၆)ဦး၊ အမျိုးသမီး(၆၀) စုစုပေါင်း(၁၆၆)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး လမ်းကန့်လန့်ဖြတ်လုပ်ထားသည့် မော်တော်ယာဉ်(၄)စီး၊ ရွက်ဖျင်တဲ(၂)ခုတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း။
အလားတူ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ (၃၃ နှင့် ၃၄ လမ်းကြား)၊ လမ်း ၃၀၊ (၇၇ နှင့် ၇၈ လမ်းကြား) မန္တလေး ဘူတာကြီးအရှေ့၊ မဟာအောင်မြေမြို့နယ် ၅၈ လမ်း၊ (၃၅ နှင့် ၃၆ လမ်းကြား)၊ မဟာမြိုင်ရပ်ကွက် ၆၂ လမ်း၊ (၃၉နှင့် ၄၀ လမ်းကြား) တို့တွင်လည်း လူစုလူဝေးပြုလုပ်ကာ ဆူပူအော်ဟစ်ဆန္ဒပြနေကြသဖြင့် နေရာအချို့တွင် အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ပြီး ဆူပူအော်ဟစ် ဆန္ဒပြသူ အမျိုးသား(၅၃)ဦး၊ အမျိုးသမီး (၃၉)ဦး၊ စုစုပေါင်း(၉၂)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
ဖမ်းဆီးထိန်းသိမ်းခဲ့ရ
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အေးသာယာရပ်ကွက် ဆင်ဖြူရာမ ပြဿဒ်ကျောင်းအတွင်း လူစုလူဝေးဖြစ်ပေါ်မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေနှင့် အညီ သွားရောက်ထိန်းသိမ်းပြီး လူစုခွဲရန် အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိခြင်း၊ လမ်းများအား အကြောင်းမဲ့ပိတ်ဆို့ခြင်းများကြောင့် အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆပြေသူ အမျိုးသား(၁၀၄)ဦး၊ အမျိုးသမီး(၆၉)ဦး၊ စုစုပေါင်း (၁၇၃)ဦးတို့အား ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း။
အလားတူ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း၊ မြိတ်နှင့် ထားဝယ်မြို့တို့တွင်လည်း ယနေ့နံနက်ပိုင်းတွင် လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံးဖြင့် ပစ်ခတ် လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူအမျိုးသား(၆)ဦးအား ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း။ အလားတူ မကွေးတိုင်းဒေသကြီး ပေါက်မြို့တွင်လည်း အမှုဖွင့်လှစ် ဖမ်းဆီး ထိန်းသိမ်းထားသည့်တရားခံအား ပြန်လွှတ်ပေးရေးအတွက် ပေါက်မြို့မ ရဲစခန်းရှေ့တွင် အင်အား ၃၀၀ ခန့်ဖြင့် ဆူပူအော်ဟစ် ဆန္ဒပြနေကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးအသုံးပြု၍ လည်းကောင်း၊ ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားရှေ့တွင်လည်း လူစုလူဝေးများ လာရောက်စုဝေးခဲ့သဖြင့် အသံမြည်ဗုံးအသုံးပြုကာ လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူအမျိုးသား(၆)ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
အလားတူ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် တွင်လည်း ယနေ့နံနက်ပိုင်းတွင် လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များက အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၉)ဦး၊ စုစုပေါင်း(၁၇)ဦးတို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ရကြောင်း။ ။
အလားတူ ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့အမှတ်(၁) ချစ်ကြည်ရေး တံတားထိပ် တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ် ဆန္ဒပြသူ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၄)ဦး၊ စုစုပေါင်း(၁၅)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း။
အလားတူချင်းပြည်နယ်ဟားခါးမြို့တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရကြောင်း။
အလားတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသမီး(၂)ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း။
လူစုခွဲခဲ့ရ
အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်း လူစုလူဝေး ဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ် ဆန္ဒပြသူအမျိုးသား(၂)ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း။
ဖြစ်စဉ်ဖြစ်ရပ်များတွင် လက်ရှိဖမ်းဆီးထိန်းသိမ်း ထားရှိသူများအနက်မှ နိုင်ငံတော်အား ဆန့်ကျင်ဆန္ဒပြသည့် ဦးစီးဦးဆောင်ပြုလုပ်သူ များအား စစ်ဆေးဖော်ထုတ်ကာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းစဉ်