နေပြည်တော် ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံရပ် ခြားတွင် ကာလရှည်ကြာစွာ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း၊ အဆိုပါ ပြည်ပရောက်မြန်မာနိုင်ငံသားများအား အမြန်ဆုံး ပြန်လည် ခေါ်ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး၌ လမ်းညွှန်မှာကြားခဲ့သဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ယခင်ကာလကတည်းက အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအားခေါ်ဆောင်ရန် တပ်မတော်မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့သည် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ လူမွတ်(Lumut) ရေတပ်ဆိပ်ကမ်းသို့ စတင်ထွက်ခွာ ခဲ့သည်။
မြန်မာ့တပ်မတော်မှ စစ်ရေယာဉ်သုံးစင်းသည် မလေးရှားနိုင်ငံလူမွတ် (Lumut) ရေတပ် ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင်ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား မလေးရှားနိုင်ငံ တာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်း လက်ခံရယူပြီး လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အဝတ်အစား အသုံးအဆောင်များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကာ လမ်းခရီးစဉ် တစ်လျှောက်တွင်လည်း လုံခြုံရေး၊ စားသောက် နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့သည်။
စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နေရပ်ပြန် မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက အတီးအမှုတ် အကအခုန်များဖြင့်နွေးထွေးလှိုက်လှဲစွာ လာရောက်ကြိုဆိုကြသည်။ ထိုသို့ မြန်မာနိုင်ငံသား များ ဝမ်းပန်းတသာ ပြန်လည်ရောက်ရှိမှုများကို ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာ များ၊ ဂျာနယ်များ၊ ပြည်တွင်း ရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာန များမှ သတင်းထောက်များ လာရောက်သတင်းရယူ ကြသည်။
ပြန်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသားများအား တပ်မတော်မှ ဖွင့်လှစ်ထားရှိသော Quarantine Center များတွင် COVID-19 စည်းကမ်းများနှင့်အညီ စနစ်တကျစောင့်ကြည့်ထားရှိ ပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး နေရပ်ပြန်နိုင်ရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကိုလည်း သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်