Skip to main content

ဝင်ငွေရဆောင်းသီးနှံများ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်မည့် အလားအလာရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၈ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလများတွင် နိုင်ငံတစ်ဝန်းလုံး၌ မိုးရွာသွန်းမှုလျော့ နည်းခဲ့ရာ ဆည်များရေဝင်ရောက်မှု ပုံမှန်ထက် လျော့နည်းခဲ့ သဖြင့် ယခုနှစ် နွေစပါးရာသီကာလ စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မှု မရှိခြင်းကြောင့် ယခင်နှစ်များကထက် နွေစပါးစိုက်ဧက ငါးသိန်းခန့် လျော့နည်း နိုင်သော်လည်း တောင်သူလယ်သမားများအနေဖြင့် ဝင်ငွေရ ဆောင်းသီးနှံ များအား ပြောင်းလဲစိုက်ပျိုးလာကြကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအစီရင်ခံစာများအရ သိရ သည်။ လက်ရှိ ဆောင်းရာသီကာလ၌ ဆီထွက်သီးနှံများ၊ ပဲအမျိုးမျိုး၊ အစေ့ထုတ် ပြောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ အာလူး စသည့် ဝင်ငွေရ သီးနှံ များအား ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်အထိ စုစုပေါင်းဧက ၁၀ ဒသမ ၃၆ သန်း စိုက်ပျိုးပြီးစီးခဲ့ပြီး ဖြစ်သည်။ ယခင်နှစ်ကာလတူစိုက်ဧကနှင့် နှိုင်းယှဉ် ပါက ၉၅ ဒသမ ၃၃ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးနေပြီး ဆက်လက်စိုက်ပျိုးမှုများရှိ နေကြောင်း တွေ့ရှိရသဖြင့် ဆောင်းသီးနှံ စိုက်ပျိုးကာလမှာ မတ်လကုန်ခန့်အထိ ဖြစ်ရာ ယခင်နှစ်ကထက် ဝင်ငွေရဆောင်းသီးနှံများ ပိုမိုစိုက်ပျိုးနိုင်မည့် အလားအလာရှိကြောင်း ခန့်မှန်းသိရှိရသည်။ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် လက်ရှိဆည်များ၏ ရေလက်ကျန် အနေအထားအရ ယခုနှစ် နွေစပါး စိုက်ပျိုးရာသီအတွက် ရေလုံလောက်စွာ ပေးဝေနိုင်မှုမရှိသော်လည်း လာမည့် ၂၀၂၁ ခုနှစ် မိုးစပါး ရာသီကာလတွင် ဆည်ရေသောက် ဧရိယာများ၌ တောင်သူလယ်သမားများ စပါးစိုက်ပျိုးရန် ဖြည့်စွက် ရေ ပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းဝန်ကြီးဌာနမှ သိရသည်။ ညီညီသန်း (နေပြည်တော်)