Skip to main content

ရှမ်းပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးအတွက် ဦးစားပေးဆောင်ရွက်

တောင်ကြီး ဖေဖော်ဝါရီ ၁၈ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲကတောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်နှင့်အညီ ဌာနဆိုင်ရာအားလုံးကို ခေါ်ယူတွေ့ဆုံပါက လူစုလူဝေး ဖြစ်မည် စိုး၍ အဖွဲ့ဝင်များ၏ ကဏ္ဍအလိုက် ခေါ်ယူ၍ လုပ်ငန်းလိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ရန် ခေါ်ယူရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းကဏ္ဍများကို အချိန် တိုတောင်းစွာ ဆောင်ရွက်ရန်နှင့် လုပ်ငန်းများကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန်၊ လုပ်ငန်းကဏ္ဍများကိုသက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် အပြိုင်အဆိုင် လုပ်ကိုင်ရာတွင် မိမိတို့ ရှမ်းပြည်နယ်ကို ထိပ်ဆုံးမှ ရောက်ရှိစေလိုကြောင်း၊ ရှမ်းပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာလှပရေး အတွက် ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သောကြောင့် မိမိတာဝန်ကျချိန်တွင် ဌာနဆိုင်ရာများနှင့် အတူ ရှမ်းပြည်နယ်အကျိုးကို ဝိုင်းဝန်းသယ်ပိုးပေးကြရန် ပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ဦးစိုင်းလိတ်က မိမိနှင့်သက် ဆိုင်သည့် ဌာနဆိုင်ရာများကို ခေါ်ယူတွေ့ရှိရသည့်အတွက် ဝမ်းသာ ဂုဏ်ယူကျေးဇူး တင်ရှိပါကြောင်း၊ မိမိတာဝန်ယူချိန်တွင်လုပ်ငန်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာ များအနေဖြင့် ပွင့်လင်း မြင်သာစွာ ပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်း ပြောကြားသည်။ ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိ သူများက တစ်ဦးချင်းမိတ်ဆက်၍ လုပ်ငန်းအကျဉ်းတင်ပြဆွေးနွေးပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။ မောင်မောင်သန်း (တောင်ကြီး)