Skip to main content

ခေတ်အဆက်ဆက် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းထားသော ငါ့သရောက်မြို့က စက်စက်ယို ကျေးရွာ

ညောင်ဦး ဖေဖော်ဝါရီ ၁၅ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ စက်စက်ယို ကျေးရွာလေးသည် ငါ့သရောက်မြို့ တောင်ဘက် ငါးမိုင်ခန့်အကွာတွင်တည်ရှိပြီး ညောင်ဦး-ပုပ္ပား ဗျတ္တ ပန်းဆက် လမ်းမကြီး၏ မြောက်ဘက် ဂျမ်းလှီးရွာမှသွ၍ လည်းရကာ ခေတ်အဆက်ဆက်တွင် ထားရှိခဲ့သော မြန်မာ့ဆံကေသာ ပုံစံအမျိုးမျိုးကို ယနေ့အချိန်အထိ ထိန်းသိမ်း ထားသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ် ရေးမှူး ဦးခင်မောင်ဝင်းထံက သိရသည်။ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ စက်စက်ယိုကျေးရွာရှိ လူငယ်လူရွယ်များသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို မြတ်နိုး တန်ဖိုးထားကာ ခေတ်အဆက်ဆက်ထားလာ ခဲ့သော မြန်မာ့ဆံကေသာ နာမည်များဖြစ်သည့် သျှောင်ပေစူးခေါ် ဆံရစ်ဝိုင်းဆံကေသာထားရှိခြင်း၊ ဦးစွန်းဘုတ်ကေခေါ် ခွက်မောက်ဆံကေသာ၊ ကြက်တောင်စည်းထားရှိခြင်းများသည် စက်စက်ယိုကျေးရွာရှိ ရွာသူရွာသားတို့၏ ခေတ်အဆက်ဆက် ကျေးလက်ယဉ်ကျေးမှု စရိုက်တို့ကို ထိန်းသိမ်း ထားရှိခြင်းပင် ဖြစ်ကြောင်းသိရသည်။ စက်စက်ယို ကျေးရွာရှိ လူကြီး၊ လူငယ်၊ လူလတ် များသည် သျှောင်ပေစူး၊ ဦးစွန်းဘုတ်၊ ကြက်တောင်စည်းထားခြင်း များသည် အစဉ်အလာ ဖြစ်နေပြီး အဘိုးအရွယ်များလည်း သျှောင်ကြီးဗွေ ထားရှိသေးကြောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ရှင်းပြသည်။ အဆိုပါ ကျေးရွာကို ကိုဗစ်-၁၉ရောဂါ မဖြစ်ခင်အချိန်က ပြည်ပဧည့်သည်များနှင့် ပြည်တွင်း ဧည့်သည်များ အမြဲလာရောက်လေ့ရှိသည့် ကျေးရွာဖြစ်ကြောင်း၊ ဗီဒီယိုဇာတ်လမ်းများ လာရိုက်ကူကြကာ ပြည်တွင်းပြည်ပ ဓာတ်ပုံဆရများ အမြဲလာရောက်ရိုက်ကူးကြသည့် ကျေးရွာ ဖြစ်ပြီး ခေတ်ပညာတတ်များလည်း ရှိလာကြ သည်။ စက်စက်ယိုကျေးရွာလေးတွင် တစ်ချိန်က ရေအလွန် ရှားပါးသည့် ကျေးရွာဖြစ်သော်လည်း ယခုအခါ စက်ရေတွင်းတူးဖော်ကာ ရေစင်တည်ဆောက်ပြီး အိမ်တိုင်း အိမ်တိုင်း ရေငုတ်များတပ်ဆင် သုံးစွဲနေခြင်း၊ ကျန်းမာရေး ဆေးပေးခန်းနှင့် ကျေးလက်စာကြည့်တိုက်များ တည်ရှိ နေကြောင်း၊ ရုပ်ဝတ္ထုများ မည်မျှပင် ပြောင်းလဲသော်လည်း စက်စက်ယိုကျေးရွာရှိ ကျောင်းသား ကျောင်းသူလေးများ၊ ကာလသား ပေါက်စများသည် ခေတ်အဆက်ဆက် ဆံကေသာများ ထိန်းသိမ်းထားသည်မှာ ယနေ့အချိန် အထိပင်ဖြစ်ကြောင်း သိရသည်။ ငါ့သရောက်မြို့ ခက်လန်းကန်ကျေးရွာ တောင်တော ကျေးရွာ၊ ဖလန်ကန်ကျေးရွာတို့တွင်လည်း စက်စက်ယို ကျေးရွာကဲ့သို့ သျှောင်ပေစူး၊ ဦးစွန်းဘုတ်၊ သျှောင်ကြီး ဆံကေသာများ ထားရှိသေး ကြောင်း သိရသည်။ မောင်မောင်ထိန်(ကျောက်ပန်းတောင်း)